တိုက်ပွဲသတင်း

ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက်ပိုင်းကစလို့ ကာကွယ် ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို ကာကွယ်ရေးပူးပေါင်းတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မြစ်ကြီးနားကနေ ဆင်းလာတဲ့ ဂျက်နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ကြားပါတယ် မနက်က ကျနော်တို့ဘက်က ထီးချိုင့်မြို့ပေါ်က ဘောလုံးကွင်းထဲကို လက်နက်ကြီးတွေနဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တယ် လေကြောင်းပစ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက နီးကပ်တယ်ဗျလို့ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်း ၃ နာရီကစလို့ တကောင်းထီးချိုင့်အင်းတော် လမ်းပိုင်းကို ထီးချိုင့်ကာကွယ်ရေးတပ်ဘက်ကယာယီပိတ်လိုက်ပြီး ဖြတ်သန်းခွင့်မပြုတော့ဘူး လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒေသခံတွေကို မြို့ထဲ၃ ရက်ပဲဝင်ခွင့်ပြုမယ်လို့ပြောထားတာရှိတယ် မြို့ထဲက ပြည်သူတွေလည်းရှောင်နေကြပြီ အခုတော့ မြို့ထဲအသွားအလာမရှိတော့ဘူးလို့ဒေသခံတစ်ယောက်က လက်ရှိထီးချိုင့်မြို့ပေါ်အခြေနေကိုပြောပြပါတယ်။

ထီးချိုင့်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထွေအုပ်ရုံး၊မြို့မရဲစခန်း၊ ဘောလုံးကွင်း နဲ့ စာသင် ကျောင်း တွေမှာတပ်စွဲထားပြီး အထိုင်စစ်တပ်တော့မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့၊ ခါမ်းပတ်မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်နေ့ မနေ့ကပဲ ကသာခရိုင်အတွင်းတည်ရှိတဲ့ ပင်လည်ဘူးမြို့နယ်ကိုလည်း ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မနက် ပိုင်းမှာပဲ ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းဌာနတွေကို အတည်ပြုခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button