သတင်း

ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မနေ့ကတည်းက ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်း မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကာကွယ်ရေးတပ်ဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာမှ ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ကလည်း တိုက်ပွဲဖြစ်နေတဲ့ မြို့ပေါ်နေရာတွေကို ဂျက်ဖိုက်တာ နဲ့  ဗုံးကြဲတိုက်ခိုက် ခဲ့သလို ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်တဲ့ မင်းဝံတောင်ခြေက တောမရွာကို ဂျက်ဖိုက်တာနဲ့တစ်ကြိမ် တိုက်ပွဲဖြစ်နေတဲ့ ထီးချိုင့်မြို့ထဲကို mi 35p နဲ့ တစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မနေ့က စပြီး မြို့ထဲမှာပစ်နေကြတာ အခုထိလည်းပစ်ခတ်တိုက်ပွဲတွေဖြစ်နေတုန်း ဒီနေ့လေကြောင်း ပစ်ခတ်တာက ဘာမှမဆိုင်ဘူး မင်းဝံတောင်ခြေဘက်ကရွာကိုပစ်တာ လောလောဆယ်တော့ တောမရွာက အမျိုးသမီးတစ်ယောက်ဆုံးသွားတယ် အိမ်တွေလည်းပျက်ဆီးသွားတယ်လို့ကြားတယ် ပြီးတော့ ၁၁နာရီ ခွဲလောက်မှာလည်း မြို့ထဲကို ရဟတ်ယာဥ်နဲ့လာပစ်သွားတယ်လို့ပြောပါတယ်။

လက်ရှိ ထီးချိုင့်မြို့ပေါ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေနေကိုတော့ ကာကွယ် ရေးတပ်ဘက် က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တောမကျေးရွာက အမျိုးသမီးရဲ့ နာမည်နဲ့အခြေနေအသေးစိတ်ကိုလည်း မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်ကတော့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်နေပြီး မြို့ပေါ်ကနေလည်း လက်နက်ကြီးလက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ် လို့ နောက်ထပ်ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒီဧရာဝတီမြစ်ကမ်းဘေးကရွာတွေဘက်မှာလည်း မြတောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေကြားနေရတယ် ပြီးရင် အခုချိန်ထိ မြို့ထဲကနေ လက်နက်ကြီးနဲ့လက်နက်ငယ်သံတွေ ကြားနေရတယ် မနက်ထဲကကိုကြားနေရတာလို့ပြောပါတယ်။

ထီးချိုင့်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထွေအုပ်ရုံး၊မြို့မရဲစခန်း၊ ဘောလုံးကွင်း နဲ့ စာသင် ကျောင်း တွေမှာတပ်စွဲထားပြီး အထိုင်စစ်တပ်တော့မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း တကောင်းထီးချိုင့်အင်းတော်လမ်းပိုင်းကို စစ်ရေးအခြေနေအရ ရက်အကန့် အသတ်မရှိပိတ်ထားကြောင်း NUG အစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အင်းတော်မြို့နယ် ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတော့ မင်းဝံတောင်ရိုးအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြားထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button