သတင်း

ဟုမ္မလင်းနယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ရှမ်းနီ SNA တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စုပေါင်းနေထိုင်ထားတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဇင်းနဲ့ ဟုမ္မလင်းကြားရှိ မန်ဇိန်းချောင်းတစ်ဖက်ကမ်းမှာ ၂ နှစ်ကျော်လောက်အကြာ ရေပေါ်မီး စစ်ကောင်စီတပ် ၈၉ တပ်ရင်းနဲ့ ပူးပေါင်းပြီး တပ်စွဲနေထိုင်ထားတဲ့ SNA တပ်စခန်း ၃ ခုကို KIA နဲ့ PDF တပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်း ၃ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KIA တပ်ရင်း ၂၆ မှာရှိတဲ့ သတင်းအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။

စခန်းသိမ်းတဲ့နေရာက ဟုမ္မလင်းဘက်ခြမ်းဟုတ်တယ်။ ဆယ်ဇင်းနဲ့က တစ်ဖက်မှာပဲရှိတာ။ ပြီးခဲ့တဲ့လမှာပဲတိုက်ပွဲဖြစ်တဲ့နေရာပဲ။ ဒီမနက် ၃ နာရီလောက်ကနေ လက်နက်ကြီးတွေအရင် ပစ်ပြီးတော့ ဝင်တိုက်တာ ၈ နာရီလောက်အထိတော့ တပ်စခန်း ၂ ခုကို အပြီးသိမ်းလိုက်ပြီ နောက်တစ်နေရာမှာလည်း ပြန်သိမ်းဖို့လုပ်နေကြတာ။ တိုက်ပွဲကဆက်ဖြစ် နေတုန်းပဲလို့ပြောပြပါတယ်။

KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် သံယောစဉ်ကုန်း(ဒေသအခေါ်) ကားလမ်းမကြီးပေါ်မှာရှိတဲ့ SNA တပ်ဖွဲ့ရဲ့ တပ်စခန်းအကြီးနေရာတစ်ခုဖြစ်ပြီး တစ်နေရာထဲမှာပဲ စခန်း ၃ ခုက မီတာ ၃၀၀ လောက်အကွာပတ်လည်တဝိုက် တည်ဆောက်ထားတဲ့ တပ်စခန်းဖြစ်ကြတယ်လို့ ပြောပြပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီးတော့ KIA ဘက်က လက်နက် ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့လည်း သိရပါတယ်။

အဲဒီတပ်စခန်းနေရာဟာ ဟုမ္မလင်းနဲ့ ဆယ်ဇင်းဒေသတွေကို အဓိက စစ်ရေးထိန်းချုပ်ဖို့အတွက် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁  နောက်ပိုင်းမှာ ရှမ်းနီ SNA တပ်က လာရောက်တပ်ချထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းပေးနေတဲ့ အရေးပါတဲ့ တပ်စခန်းအကြီး တစ်ခု ဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

သူတို့က နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး စခန်းချထားတာဖြစ်တယ်။ အဲဒီဘက်ခြမ်းကို KIA နဲ့ PDF ကူးသွားတာတွေ မရှိအောင်ဆိုးပြီး ကင်းစခန်းပုံစံလည်းဖြစ်တယ်။ ပြီးရင် အဲ့မှာ လမ်းမပေါ်မှာပဲ ဂိတ်စခန်းလည်း ချထားတာဖြစ်တယ်။ လမ်းသွား လမ်းလာလည်းအရမ်းစစ်ဆေးတဲ့ ဂိတ်ဖြစ်တယ်။ ကချင်ဆိုရင်တောင်သိပ်သွားလို့မရတဲ့ အနေအထားမှာ ဟုတ်တယ်ဆိုပါတယ်။

ရှမ်းနီတပ်ဖွဲ့တွေဟာ တပ်စခန်းချထားတင်မကပဲ လမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်ပါ ထားရှိထားတာကြောင့် ဖားကန့်ကနေ ဟုမ္မလင်းကိုသွားတဲ့ ပြည်သူတွေ စစ်ဆေးရေးတင်းကြပ်တာတွေ၊ ငွေကြေးတောင်းခံတာတွေ ပုံမှန်လုပ်ဆောင်နေတဲ့ တပ်စခန်းလည်းဖြစ်တယ်လို့ဒေသခံတွေက ပြောပြပါတယ်။

အဲဒီဂိတ်စခန်းမှာ ကချင်စကားပြောတဲ့သူတွေနဲ့ ကချင်ပုဆိုးဝတ်တဲ့သူတွေ ဖမ်းဆီးရိုက်နက်တာတွေ လုပ်ဆောင်နေတဲ့အပြင် မင်္သကာတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်လိုက်တာတွေလည်း မကြာခဏ လုပ်ဆောင်နေတဲ့ တပ်စခန်းဖြစ်တာကြောင့် KIA က စခန်းသိမ်းတိုက်ပွဲဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ ဟုမ္မလင်းဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်အင်အားတိုးချဲ့လာတိုင်းလည်း အဲဒီ SNA တပ်စခန်းမှာ အင်အားဖြည့်တင်းထားပြီးတော့ ဖားကန့်ဒေသ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ စစ်အထောက်အကူပြုပေးနေတာကြောင့် စစ်ရေးအရအရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆယ်ဇင်းနဲ့ ဟုမ္မလင်း ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို ဆယ်ဇင်းဒေသက SNA တပ်စခန်းတစ်ချို့ကိုလည်း KIA က ဝင်ရောက်တိုက်ခိုက် ရှင်းလင်းနိုင်တာတွေလည်းရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button