သတင်း

အင်းတော် – ထီးချိုင့်လမ်းပိုင်းမှာ ခရီးသွား ပြည်သူတွေ ၅၀၀ လောက် ပိတ်မိနေဆဲ

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော် ထီးချိုင့် လမ်းပိုင်းကို စစ်ရေးအခြေနေတွေအရ ပိတ်ထားတာ ၇ ရက်ကြာ ရှိလာပြီး လမ်းပိုင်းတစ်လျှောက်မှာ ရီးသွားပြည်သူ ၅၀၀ ဝန်းကျင်လောက် ပိတ်ဆို့နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ  ရက်နေ့ ထီးချိုင့်မြို့ပေါ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ကာကွယ်ရေးတပ်ဘက်က တကောင်းအင်းတော်ထီးချိုင့်လမ်းပိုင်းကို ရက်အကန့် အသတ်မရှိပိတ်ထားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကပဲ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ တကောင်းအင်းတော်၊ထီးချိုင့်လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ခရီးသွားတွေအပြင် စစ်ဘေးရှောင်တစ်ချို့လည်းပါဝင်ပြီး တစ်နေ့ကို ထမင်း တစ်နပ်ပဲစားနေရသလို အခက်အခဲများစွာကြုံနေရတယ်လို့ ပိတ်မိနေတဲ့ခရီးသွားတစ်ယောက်က ပြောပါတယ်။

ကျမတို့ပိတ်မိနေတာ ၇ ရက်ရှိပြီ ဒီနေ့နဲ့ဆို အစားအသောက်ကတော့ဖြစ်သလိုပဲ လမ်းမှာရှိတဲ့ရွာတွေက ကျွေးတယ် ကျမတို့ဒုက္ခအရမ်းရောက်နေလို့ အိမ်အရမ်းပြန်ချင်နေပြီ ပိုက်ဆံလည်းမရှိတော့ဘူး စားဝတ်နေရေးကလည်း ရွာတွေကပဲကျွေးနေတာဆိုတော့ ရက်ကလည်းကြာလာတယ် အယောက်ရာနဲ့ချီကို ကျွေးနေရတော့ အဆင်မပြေတော့ဘူး လို့ပြောပါတယ်။

ပိတ်မိနေတဲ့ ခရီးသွားနဲ့ ပြည်သူတွေဟာနီးစပ်ရာဘုန်းကြီးကျောင်း နဲ့ ရိပ်သာတွေမှာ ခိုလှုံနေကြရပြီး ပိတ်မိနေတဲ့အထဲ မွေးကင်းစကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေအများဆုံးပါဝင်တယ်လို့ ပြောပါ တယ်။

ထီးချိုင့်မြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အခုလို ခရီးသွားတွေပိတ်မိနေတာကို ကြားသိရကြောင်း ဒါပေမဲ့ လက်ရှိစစ်ရေးအခြေနေကို ဦးစားပေးဆောင်ရွက်နေရတဲ့အတွက် ခရီးသွားတွေအတွက် အကူအညီတွေဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။

ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထီးချိုင့် မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေကို သွားရောက်တိုက်ခိုက်ခဲ့ရာမှ ဒီနေ့အထိတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲ ဖြစ်နေတာ ၇ ရက်ကြာရှိလာသလို စစ်ကောင်စီတပ်ဘက်ကတော့ လေကြောင်းသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ မပြီးသေးဘူး လေကြောင်းတိုက်ခိုက်တာကလည်း ရေတွက်လို့ကို မရ တော့ဘူး မနေ့ကဆို mi 35 ၄ စီးနဲ့ကိုလာပစ်တာ သူတို့ကြဲလိုက်တဲ့ ဗုံးသီးတွေက ဗုံတီးနေသလားမှတ်ရ တယ် လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးမှုတွေရှိနေပြီး အသေးစိတ်အခြေနေကိုတော့ KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်ဘက်က ထီးချိုင့်မြို့ပေါ်က အမှတ် ၃ ရပ်ကွက်‌ တော်ပေါ်ရဲစခန်း(ဒေသအခေါ်) နဲ့ မြသိန်းတန် တောင်ကုန်းပေါ်မှာ အခိုင်အမာ ခံစစ်ပြင်ထားပြီး ကျန်နေရာတွေကိုတော့ ကာကွယ်ရေးပူးပေါင်း တပ်တွေဘက်ကထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button