သတင်း

ကွတ်ခိုင် ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ ဒတ်နှိုင်း(Daknai) စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒတ်နှိုင်းကျေးရွာအဝင်မှာ အခြေစိုက်ထားတဲ့ နမ့်ဖတ်ကာတပ်ခွဲ ခလရ (၁၂၃)တပ်ရင်းကို KIA တပ်ရင်း ၉ တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၂ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၃ ရက်နေ့ တပ်စခန်းတစ်ခုလုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒတ်နှိုင်း ဒေသခံတစ်ယောက်က KNG ကို အခုလိုပြောပါတယ်။

၁၂ ရက်နေ့ စတိုက်တာ ၁၃ ရက်နေ့ နေ့လည် ၁၂ လောက်မှာ KIA က အပြီးသိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်။ အခုချိန်မှာလည်း KIA က တပ်ချထားပြီ။ တိုက်ပွဲဖြစ်ပွားမှာက စစ်ကောင်စီတပ်သား ၂၀ က တပ်အတွင်းမှာပဲ သေဆုံးသွားတယ်လို့သိရတယ်။ နောက်ပြီး တပ်ထဲက ထွက်ပြေးသွားတဲ့သူတွေကိုလည်း ပြန်ခုခံတိုက်ရင်း ၇ ယောက်၊ ၈ ယောက်လောက်က အလောင်းပြန်ရတယ်လို့တယ်လို့ သိရတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်မှု ၂ ရက် လောက်အကြာမှာ KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၂၇ ယောက်လောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပြီးတော့ KIA ကလည်း ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြောပြပါတယ်။

ဒါ့အပြင် KIA ဘက်ကနေ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရယူနိုင်ခဲ့ပြီး ဒတ်နှိုင်းကျေးရွာ တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဒတ်နှိုင်းကျေးရွာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရပ်ကွက် (၃)ရှိ နေအိမ် ၄ အိမ်လောက််််မှာ လက်နက်ကြီးကျမှန်ပေါက်ကွဲပြီး တစ်စစီ မီးလောင်ပျက်စီးမှုရှိခဲ့တာတင်မကဘဲ ဒေသခံ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီရဲ့ တပ်စခန်းကြီးတိုက်ခိုက်ခံရတာကြောင့် ဒတ်နိုင်ဒေသခံပြည်သူတွေဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကနေစပြီး ကျေးရွာအတွင်းကနေ နီးစပ်တဲ့ လုံထန်(Lung Htang) နဲ့ ခွတ်ပီး စတဲ့ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဘေးလွတ်တဲ့နေရာမှာ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒတ်နှိုင်း ဒေသခံက ဆက်ပြောပါတယ်။

မနေ့ညနေအထိတော့ ရွာသားတွေက တစ်အိမ်မှာ တစ်ယောက်လောက်ပဲ ပြန်ကြသေးတယ်။ ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်ဘက်ကနေ လေယာဉ်ဗုံးကျဲလာမှာ ကြောက်လို့ အားလုံးက တောတွေမှာ၊ ပြီးရင် တရုတ်ရွာရှိတဲ့ဘက်ခြမ်းတွေမှာ သွားပုန်းနေကြသေးတယ်။ တကယ်လို့ ဒီကနေ့ အထိ လေယာဉ်မလာဘူးဆိုရင်တော့ မနက်ဖြန်လောက်ဆို တစ်ချို့က ရွာထဲပြန်ကြဖို့ လုပ်နေကြသေးတယ်လို့ပြောပါတယ်။

ဒတ်နှိုင်းကျေးရွာဟာ မုံဂျီ(Mungji)နဲ့ ကွတ်ခိုင်ကြားမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အဲဒီ တိုက်ခိုက်ခံရတဲ့ ဒတ်နှိုင်း စစ်ကောင်စီတပ် စခန်းကနေ ကျေးရွာ ၄၀ ကျော်သွားရတဲ့ စစ်တပ်ဂိတ်အကြီးတစ်ခုဖြစ်တာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ကားတွေကို သွားလာရေးတင်းကြပ်တဲ့ ဂိတ်နေရာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ KIA က တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းမှာ KIA က အင်အားအလုံးအရင်းနဲ့ တပ်ချနေထိုင်ထားပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာကို စစ်ကောင်စီက လာရောက်ဗုံးကျဲတိုက်ခိုက်မှာကို စိုးရိမ်နေတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေတာလည်းဖြစ်ပါတယ်။

ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကနေ အခြေစိုက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် KIA က ပထမအကြိမ် သွားရောက်တိုက်ခိုက်မှုရှိခဲ့ပေမယ့် သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ KIA ဘက်က တပ်သားတစ်ဦး သေဆုံးပြီး ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

KIA ဘက်ကနေ စစ်ကောင်စီရဲ့ စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားတာနဲ့ ပတ်သက်ပြီးတော့ KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ယောက်ကလည်း “တပ်စခန်းတစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီ။ စစ်ကောင်စီ ဘက်ကနေ သေဆုံးတဲ့သူတွေလည်းများတယ်။ ပြီးရင် စခန်းကနေ ထွက်ပြေးသွားတဲ့ သူတွေကိုလည်း ပြန်ခုခံတိုက်လို့ သေဆုံးတဲ့သူတွေလည်းပါတယ်”လို့ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် စစ်ရေးအရှိုန်မြင့်တင်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button