သတင်း

မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ စတင်တော့မှာလား

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး နိုဝင်ဘာလ  ရက်နေ့ကစတင်ပြီး ဖုန်းအင်တာနက် လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက် ပြည်သူတွေ အသိချင်ဆုံးအရာက မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်သိမ်းတော့မှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုပြီးပြင်းထန်စေတာက ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနဲ့အတူ တိုက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးနှင့်လုံခြုံရေးဌာန ( United Nations Department of Safety and Security-UNDSS ) အမည်ခံပြီး သတင်းအမှားထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်စောင်ပျံ့နှံ့ခဲ့ကြောင့်လည်း ပါဝင်ပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ် UNDSS ကို အမည်ခံပြီး ထွက်ရှိလာတဲ့ သတင်းအမှားထုတ်ပြန်ချက်ထဲမှာ KIA အနေနဲ့ မကြာခင်မြို့သိမ်းတိုက်ပွဲစတင်တော့မှာဖြစ်ပြီးကြက်ပေါင်ခြံ၊ ရမ်ပူ၊ လယ်ကုန်း၊ နန်းကွေ့၊ အေးမြသာယာ၊ ရှမ်းရွာဘက်ကို ပထမဆုံးဦးရောက်တိုက်ခိုက်မှာဖြစ်သလို ဒုတိယအနေနဲ့ တပ်ကုန်း၊ဒူကထောင်၊သီတာ၊စီတာပူစတဲ့ ရပ်ကွက်တွေမှာလည်း ဝင်ရောက်နေပြီဖြစ်တဲ့အတွက် ပြည်သူများရပ်ကွက်အတွင်းကနေ ထွက်ခွာပေးကြဖို့ဆိုတဲ့အကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က UNDSS ကိုအကြောင်းကြားခဲ့တဲ့အကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ သတင်းအမှားသာဖြစ်ပြီး KIO,KIA အနေနဲ့ UNDSS ဆီကို ဘာမှအကြောင်းကြားတာမရှိခဲ့ဘူးလို့KIO သတင်းနဲ့ပြန်ကြားရေးဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ခုလိုပြောပါတယ်။

ကျနော်တို့ဘက်က UN ကိုဘာမှအကြောင်းကြားထားတာလည်းမရှိပါဘူး ဒီဟာကအချင်းချင်းအကြောက်တရားရအောင် ပြောဆိုနေကြတာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ဘက်က စုံစမ်းတာတွေ လုပ်နေပါတယ်လို့ပြောပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာရှိတဲ့ လူထုတွေကတော့ မြစ်ကြီးနားကို KIA က ဝင်ရောက်သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းကြောင့် လုံခြုံရေးစိုးရိမ်နေကြပြီး စားနပ်ရိက္ခာတွေ ဝယ်ယူစုဆောင်းတာ၊ ကျောင်းသားမိဘတစ်ချို့ ကလေးတွေကို ကျောင်းမပို့တာ၊ အပြင်မထွက်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိအနေထားအရ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဆယ်စုနှစ်တစ်စုကြာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့တွေ၊ အထိုင်ချစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေချိန် မြစ်ကြီးနားကိုလည်း KIA က သိမ်းတော့မှာလားဆိုတဲ့အဖြေကို သိချင်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲဖြစ်လာတော့မလားဆိုတာနဲ့ ပတ်သတ်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးပြောတာက KIA အနေနဲ့ မြစ်ကြီးနားကို ဝင်တိုက်ဖို့ လောလောဆယ်အခြေနေမှာ ခက်ခဲနေသေး တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဒါက ဘယ်သူမှကြိုပြောလို့မရတဲ့ဟာတော့ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ခုချိန် မြစ်ကြီးနားမြို့ကိုဝင်ဖို့ ခက်သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် KIA အနေနဲ့ ရှေ့တန်းစခန်းတွေလို့ ပြောလို့ရတဲ့ လိုင်ဇာတစ်ဝိုက်မှာရှိတဲ့စခန်းတွေအားလုံးကို သိမ်းနိုင်တာမရှိသေးဘူး။ ပြီးတော့ သူတို့နဲ့အနီးဆုံးဝိုင်းမော်မြို့လိုနေရာ  မြစ်ကြီးနား– ဗန်းမော်လမ်းမှာရှိတဲ့ ဒေါ့ဖုန်းယန်လို စခန်းတွေ သိမ်းနိုင်တာမရှိသေးတဲ့အတွက် ဝင်နိုင်ဖို့က ခက်ပါသေးတယ်လို့ဘဲ သုံးသပ်ချင်ပါတယ်

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ဒီသတင်းတွေထွက်လာချိန်မှာဘဲ နိုဝင်ဘာလ ၈ ရက်ည ရက်စွဲနဲ့ ညမထွက်ရ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သလို တပ်တွင်းပြင်ဆင်မှုများပြုလုပ်နေတာတွေဟာ ခြေနေတစ်ခုမှာ ရှိနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ခုလိုပြောပါတယ်။

ခုလောလောဆယ်က မပခရော ဝိုင်းမော် ၅၈ တပ်တွေမှာဆိုလည်း ပြည်သူ့စစ်တွေ ပေါင်းပြီး အင်အားဖြည့်ထားတာတွေရှိတယ်။ခုညတိုင်းကင်းပတ်တာ မသင်္ကာတဲ့သူတွေရှိရင် ဖမ်းတာတွေတော့ရှိနေတယ်။ ပြီးတော့ တပ်တွင်းမိသားစုတွေကိုလည်း အပြင်မထွက်ဖို့မှာထားတာတော့ရှိတယ်။ ဟိုတစ်လောက လေတပ်ပစ်ခံရတဲ့ နောက်ကပိုင်းကစပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် ဟိုဘက်ကမ်းဒီဘက်ကမ်းမှာလည်း ကင်းပုန်းချတာတွေလုပ် နေတာတွေလည်းရှိတယ်

ဒါပေမယ့် ဖမ်းဆီးခံရတဲ့လူဦးရေအတိအကျကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဒူကထောင်၊ အင်ဂျန်ဒုံ၊ ရန်ကြီးအောင် အစရှိတဲ့ ရပ်ကွက်တွေ အပြင် ရွှေစက်၊ ပလန ရပ်ကွက်ဘက်တွေမှာလည်း လမ်းသွားလမ်းလာရင်း၊ စျေးဝယ်သွားရင်း အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေနဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာနက်မဖြတ်တောက်ခင် နိုဝင်ဘာလ ၈ရက်ညမှာ စစ်တပ်က လူ ၅ ဦးထက်မစုရ မာရှယ်လောထုတ်ပြန်ထားတာနဲ့တစ်ပြိုင်နက် ဖမ်းဆီးမှုသတင်းတွေကလည်း ခပ်စိတ်စိတ်ကြားလာရတာဖြစ်ပါတယ်။

ခုကမြစ်ကြီးနားမှာဖမ်းဆီးခံရတဲသတင်းတွေကအရမ်းထွက်နေတယ်ဒါပေမယ့်လိုက်မေးကြည့်တော့တိတိကျကျသိရဖို့ခက်နေပြန်ရောဖုန်းဆက်မရတာနဲ့တကယ်ဘာဖြစ်နေမှန်းကိုမသိဘူး။ကျနော်တို့သုံးသပ်ရသလောက်ဆိုရင်ဖမ်းဆီးခံရတာတွေတော့ဖြစ်နိုင်တယ်စစ်တပ်ကလူသားဒိုင်းအသုံးပြုဖို့မာရှယ်လောထုတ်ပြီးဘမ်းပြဖမ်းနေတာ။ဒါပေမယ့်ဘယ်သူဘယ်ဝါဘယ်နေရာမှာဆိုတာကိုကမသိနေကြတာအဲဒါအားလုံးရဲ့ဇစ်မြစ်ကဖုန်းလိုင်းခက်တာ၊အင်တာနက်လိုင်းခက်တွေကြောင့်ဘဲမြစ်ကြီးနားမြို့ခံတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး KNG သတင်းဌာနက စုံးစမ်းမေးမြန်းနေပေမယ့် အင်တာနက်နဲ့ဖုန်းလိုင်းအခက်ခဲတွေကြောင့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေကြဖို့ကို ကချင်နိုင်ငံရေးလေ့လာကျွမ်းကျင်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

သတိထားရမှာက ခုမြစ်ကြီးနားမြို့အတွင်း KIA ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကလည်း ထွက်နေတော့ ညတွေမှာ ပြည်သူတွေသွားတာလာတာမလုပ်ဖို့ ဘာလို့လဲဆိုရင် မသင်္ကာရင်တော့ စစ်တပ်ကဖမ်းမှာဘဲ တားလို့မရရင်နောက်ဆုံး ပစ်သတ်တဲ့အဆင့်ထိ ရောက်လာနိုင်တယ်

လက်ရှိမြစ်ကြီးနားမြို့အတွင်း အတည်မပြုနိုင်သေးတဲ့ သတင်းအများအပြားထွက်ပေါ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းတွေကို ချင့်ချိန်ယုံကြဖို့ကိုလည်း မြစ်ကြီးနားမြို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button