သတင်း

မြစ်ကြီးနားမြို့မှာ ကုန်စျေးနူန်းတွေ စံချိန်တင်ထိုးတက်

စစ်ကိုင်းကချင် ပြည်ထောင်စုလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ သွားလာခွင့်ပိတ်ဆို့လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ စံချိန်တင်ထိုးတက်လာတယ်လို့ မြို့ခံလူထုက ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ပြည်ထောင်စု ကားလမ်းတွေပိတ်ဆို့လိုက်ပြီးနောက် ၃ ရက်အကြာမှာတော့ကုန်ဈေးနှုန်းတွေဟာ နာရီပိုင်းခြားအတွင်း ထိုးတက်နေတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ဈေးကတစ်ချိန်နဲ့ တစ်ချိန်တောင်မတူဘူး၊ မုန်ညှင်းအစည်း ၁၀ စည်းပါတစ်ခုကို ၈၀၀၀ ဆိုပြီး ခနကြာတော့ ၈၅၀၀ ပြန်ဖြစ်သွားတယ်လေ၊ နာရီပိုင်းဘဲကွာလ တာနော်၊မနေ့က ဈေးနဲ့ ဒီနေ့ဈေးလည်း မတူပြန်ဘူးလေ” လို့ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် သာမန်ပြည်သူတွေ၊ငွေကြေးခက်ခဲ့တဲ့သူတွေနေနဲ့ အစာလျှော့စားတာတွေ အခြေခံလူတန်းစားတွေအတွက် ခရမ်းချဉ်သီးတောင် ဝယ်ယူနိုင်ဖို့ ခက်ခဲလာတာမျိုးတွေရှိနေပြီလို့ သူကဆက် ပြောပါတယ်။

ဒီကနေ့ မနက်ကုန်ဈေးနှုန်းတွေကတော့ ဆန်သန့် ၁ အိတ် ၁၁၀၀၀၀ကျပ်၊ ငရုတ်သီးစိမ်း ၁ ပိဿာ ၁၈၀၀၀ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၁၇၀၀၀ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၂၀၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ကျပ်၊ ဂျင်း ၁ပိဿာ ၈၀၀၀ကျပ်၊ ဝက်သား ၁ ပိဿာ ၂၀၀၀၀ကျပ် ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီ ၁ လီတာ ၃၀၀၀ ဝန်းကျင်ရှိနေတဲ့အပြင်ဆီတွေကိုလည်း အကန့်အသတ်နဲ့ဘဲ ရောင်းပေးနေတယ်လို့ မြစ်ကြီးနားကဆန်ကုန်သည် တစ်ယောက်က ကို ပြောပါတယ်။

ဒီမနက်ဆို ဘယ်ဆီဆိုင်မှ မထည့်ပေးဘူး၊ တစ်မနက်လုံး သုံး၊ လေးဆိုင်ရှိနေပြီသွားနေတာ၊ ၁ လီတာ ၃၀၀၀၊ ၃၁၀၀ ရှိနေပြီ၊ ကားလမ်းတွေပိတ်တော့ သူတို့သိုလောင်ထားတာတွေကို ထိန်းပြီးရောင်းတာဖြစ်နိုင်တယ်” လို့ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက ဓာတ်ဆီဝယ်ယူသူတွေအနေနဲ့ တစ်ဦးကို  ၃ သောင်းအကန့်အသတ်နဲ့ရောင်းဝယ်ယူလို့ရပေမယ့် ဒီမနက်မှာတော့  ဝယ်ယူသူတစ်ဦးကို  ၂ သောင်းလောက်ဘဲ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့အတူ ကုန်ဈေးနှုန်းတွေ တစ်နေ့တခြား မြင့်တက်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ကချင်စစ်ကိုင်းလမ်းပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာတော့ ကုန်စျေးနူန်းစံချိန်တင် ထိုးတက်လာတာဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

အခုလိုကုန်ဈေးနှုန်းတွေ တစ်ဟုန်ထိုး ထိုးတက်လာတာတွေကြောင့် ကုစိမ်းဆိုင်တစ်ချို့ နဲ့ကုန်စုံဆိုင်တစ်ချို့ ပစ္စည်းပြတ်လတ်တာတွေရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button