သတင်း

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့၃ မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများထွက်ပြေးနေရ

အာဏသိမ်းစစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကွတ်ခိုင်၊မူဆယ်၊  ပန်ဆိုင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတွေရှိနေသလို ဒေသခံတွေကလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းမြောက် ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်ကစပြီး စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ နမ့်ခိုင်စစ်ကောင်စီတပ်တွေကိုလည်း TNLA တပ်ဖွဲ့က ဒရုန်းနဲ့ စတင်ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်နေတာာဖြစ်တယ်လို့ဒေသခံတွေပြောပါတယ်။

ဒီတလော ရက်က ရှိပြီ ပြန်ပြေးနေရတယ်။ အခုက ဒီကစစ်တပ်တွေကို TNLA က နယ်မြေရှင်းလင်းရေးပုံစံလုပ်နေတော့ အခုတလော ပန်ဆိုင်းမှာ တိုက်ပွဲပြန်ပြင်းထန် နေတာ။ ပန်ဆိုင်းမြို့ကသူတွေနဲ့လည်း ဖုန်းလည်းဆက်မရတော့ဘူး။ လိုင်းလည်း မရှိတော့လို့ ချိတ်ဆက်ရ အရမ်းခက်နေတယ်။” လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

 ခုလိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေရာကနေ  နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ပန်ဆိုင်းမြို့အနီး ၁၀၅ မိုင်၊ မိုင်းယုလေးရွာက သားအဖနှစ်ယောက် ကတုတ်ကျင်းထဲရှိနေချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  

ကလေးငယ်တွေရှိတဲ့ မိသားစုတွေက စစ်ရှောင်စခန်းတွေထဲပို့ထားပြီး အိမ်ကြည့်ရတဲ့သူတွေက အောက်ဘက်ပိုင်း အနီးတစ်ဝိုက်တရုတ်ခြံစည်းရိုးတွေနား တဲတွေထိုးပြီး ပုန်းအောင်း၊ ခိုအောင်းနေကြတယ်။ ထွက်ပြေးသင့်ရင် ထွက်ပြေး။ အခြေအနေ နည်းနည်းငြိမ်ရင်တော့ အိမ်ပြန် ကြက်၊ ဝက် သွားကြည့်၊ အစာကြွေး၊ ပြန်ပြေး  အဲ့လိုလုပ်နေ ကြတယ်။” ဟု ပန်ဆိုင်းဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်မှာပဲ နမ့်ဖတ်ကာကျေးရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

နမ့်ဖတ်ကာမှာ လက်ရှိ မူဆယ်နမ့်ခမ်း ဘက်သွားတဲ့လမ်းအားလုံးပိတ်သွားသလို ကွတ်ခိုင်ဘက် အဆင်းလမ်းလည်း အားလုံးပိတ်ပင်ထားတာကြောင့် လမ်းမှာပိတ်မိနေတဲ့ နမ့်ဖတ်ကာဒေသခံပြည်သူများ ထွက်ပြေးမယ့်နေရာမရှိ ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

လမ်းတွေလည်း အားလုံးပိတ်ထားတော့ မူဆယ်ဘက်လည်း သွားမရ၊ ကွက်ခိုင်ဘက်လည်း ဆင်းမရဘူး။ နမ့်ဖတ်ကာမှာပဲ လက်နက်သံမြည်လာရင် ဗုံးခိုကျင်းထဲ ပုံး၊ ပြန်ငြိမ်ရင် ပြန်ထွက်လာ အဲ့လိုနဲ့ပဲ နပါးသွားနေတယ်။ ဘယ်မှာမှ ပြေးလို့ မရတော့ ရွာထဲမှာပဲ ကုန်စျေးနှုန်းတွေလည်း ဆ၊ ဆလောက် တက်သွားပြီး တော်တော်ဒုက္ခရောက်နေတယ်။ အရေးပေါ် လူနာတွေရှိရင်လည်း တော်တော်ခက်ခဲနေတယ်။လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်စခန်း ၁၇၀ ခန့် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကြီး ၅ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုပေမဲ့ တချို့မြို့ကြီးမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။ 

အခု ကျနော်တို့ မြင်ယောင်စိုးရိမ်ကြရတာကတော့ စစ်ကောင်စီဘက်က တိုက်ပွဲပြင်းထန်လာရင်တော့ ပြည်သူတွေကို ဓားစာခံပြန်လုပ်လာမလားဆိုပြီး အရမ်းစိုးရိမ်နေတယ်။ အခုချိန်က ကျနော်တို့ပြည်သူတွေ ဆန်၊ စပါး၊ အစားအသောက်တွေလည်း ပြတ်လပ်လာတယ်။ စိုက်ပျိုးထားတာတွေလည်း မရိတ်သိမ်းယူနိုင်ဘူး။ ဒါကြောင့် အရမ်းစိတ်ညစ်နေကြတယ်။ စစ်တပ်က နဂိုကတည်းက ပြည်သူတွေအပေါ် ဖိနှိပ် နှိပ်စက်နေတာဆိုတော့လည်း အခုက လက်နက်ကိုင်အားလုံး စုပေါင်းညီညာပြီး ဝိုင်းဝန်းတိုက်ခိုက်တော့ ပန်းတိုင်တော့ ရောက်သွားကြမလား မျှော်လင့်မိတယ်။” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနဲ့ ကွမ်းလုံမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး မာရှယ်လောအဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားတာပါတယ်။

By – ဂျာအောက်ရာ

Show More

Related Articles

Back to top button