သတင်း

ကချင် – စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို

စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့  ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကနေ ကချင်စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင် ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။

ထီးချိုင့်၊ ကောလင်း နေရာတွေမှာ စစ်ရေးအရ အနိုင်ဖြစ်လာတဲ့အတွက် လမ်းပိတ်ဆို့ပြီး ယာယီထိန်းချုပ်လိုက်တဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ အင်းတော်မှာက စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ရှိနေတာဖြစ်တယ်။ သူတို့လှုပ်ရှားလာမယ့် စစ်ရေးကိုကြိုမြင်နေတာဖြစ်တဲ့အတွက် မကြာပါဘူး ခဏပိတ်ထားတဲ့သဘောပါလို့ပြောပြပါတယ်။

လက်ရှိ ထီးချိုင့်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆယ်ရက်ကျော်ရှိလာတဲ့အပြင် အင်းတော်နယ်မှာလည်း စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်တာတွေရှိနေပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့်၊အင်းတော်တစ်လျှောက် စစ်အင်အားမဝင်ရောက်နိုင်ဖို့  နဘား၊ ပင်ဝယ်၊ နန့်တဲ စတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလ ၁၆ ရက်ကနေ သွားလာရေးပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

အခုလို ပိတ်ဆို့လိုက်တာဟာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ငဲ့ညှာတဲ့အနေနဲ့ ပိတ်ဆို့ထားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို လမ်းပိတ်ထားတာတောင် မနေ့ကဆို ပင်ဝယ်အနီးတဝိုက်တွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး တိုက်ခိုက်လာတာရှိတယ်။ အဲလိုနေရာတွေမှာ ပြည်သူတွေနဲ့ ရောထွေးသွားတာတွေမဖြစ်စေဖို့၊ အဲလို ရောထွေသွားပြီ ဆိုရင် စစ်ရေးဗျူဟာ မအောင်မြင်တာတွေဖြစ်သွားနိုင်တဲ့အတွက် လောလောဆယ်ခဏ ပိတ်ထားတဲ့သဘောပါလို့ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ KIA က နဘား၊ ပင်ဝယ်၊ နန့်တဲ စတဲ့နေရာတွေမှာ စတင်ပိတ်ဆို့လိုက်တဲ့ နောက်ပိုင်း စစ်ကောင်စီတပ် ဘက်ကနေလည်း နန့်စီးအောင်ဂိတ်နဲ့  မြစ်ကြီးနားအထွက် ၂၁ မိုင်ဂိတ် နေရာတွေမှာ သွားလာရေးပိတ်ဆို့လိုက်ပြီးတော့ ၁၉ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီဘက်ကနေ နန့်စီးအောင်ဂိတ်နဲ့ မြစ်ကြီးနားအထွက် ၂၁ မိုင်ဂိတ်ဖွင့်ပေးလိုက်ပေမယ့် KIA ဘက်ကနေ ၅ ရက်မြောက်ကြာတဲ့အထိ ပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် ခရီးသည်ယာဉ်တွေနဲ့ ကုန်တင်ကားတွေ လာရောက်တင်နေတာကြောင့် ကားသမားတွေ အခက်အခဲကြုံတွေ့နေတယ်လို့ မော်ဟန်ဂိတ်တာဝန်ခံတစ်ယောက် အခုလိုပြောပါတယ်။

ဒီကနေ့အထိ သွားလာလို့မရသေးဘူး။ နန့်စီးအောင်နဲ့ ၂၁ မိုင်ဂိတွေက သွားလာလို့ရပြီလို့တော့ သိရတယ်။ ဒါပေမယ့် အင်းတော်နဲ့ ထီးချိုင့်ဘက်တွေမှာ KIA နဲ့ PDF တွေက ပိတ်ထားဆဲဖြစ်တယ်။ မန္တလေးဘက်ကနေ တက်လာတဲ့ သူတွေက အင်းတော်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားက တက်လာတဲ့သူတွေက နန့်စီးအောင် ဘုန်းကြီးကျောင်းမှာ တောင်တင်နေကြတယ်။ ခရီးသည်နဲ့ ကားသမားတစ်ချို့ကိုတော့ နန့်စီးအောင် ဆရာတော်က ဧည့်ခံကျွေးမွေးပေးနေတာ။ သူတို့တွေကြတော့ တက်လာပြီဖြစ်တဲ့အတွက် ဆင်းသွားလို့လည်းမရ ပြန်ဖွင့်ပေးမှာကိုပဲ စောင့်နေကြတာလို့ပြောပါတယ်။

လက်ရှိ အင်းတော်မှာက ခရီးသည်ယာဉ် ၁၀ စီးထက်မနည်တောင်တင်နေပြီးတော့ မြစ်ကြီးနား၊ ဖားကန့် နဲ့ တနိုင်း စတဲ့မြို့ကနေဆင်းလာတဲ့ ကုန်တင်ကားတွေက နန့်စီးအောင် ဘုန်ကြီးကျောင်းမှာ သောင်တင်နေကြတယ်လို့ သိရပါတယ်။ သောင်တင်နေတဲ့ထဲမှာ ကချင်ပြည်နယ်ဘက်က ဆင်းလာတဲ့ ကားတွေများဆုံးဖြစ်တယ်လို့ မော်ဟန်ဒေသခံက ပြောပြပါတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတဲ့အပေါ်မှာ သွားလာရေးလမ်းတွေပိတ်ဆို့ထားတာကြောင့် မိုးညှင်းဒေသတွေမှာ စက်သုံးဆီ တစ်ဂါလံကို သုံးသောင်း သုံးထောင်အထိ ပေးဝယ်နေရပြီး စားသောက်ကုန်ပစ္စည်းတွေလည်း အဆမတန်စျေးနှုန်းမြင့်တက်သွားတဲ့အတွက် ဒေသခံပြည်သူတွေ အခက်ကြုံတွေ့နေရတယ်လို့ ဆက်ပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button