သတင်း

အိပ်နေတဲ့အချိန် လက်နက်ကြီးကျလို့ ကလေးငယ်တစ်ယောက်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က အုန်းစွမ်ရွာမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ည၁၂ နာရီခန့် လူတွေအိပ်နေတဲ့အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလက်နက်ကြီးဟာ အုန်းစွမ်ရွာကနေ ဆိုင်ကယ်နဲ့ ၄၅ မိနစ်လောက်သွားရတဲ့ စစ်ကောင်စီရဲ့ မိုင်းငေါ့တပ်စခန်းက နေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ည ၁၂ နာရီလောက်မှာ အိမ်ပေါ်ကိုကျတာ အိမ်လည်းတစ်ခြမ်းပြိုသွားတယ် ပြီးရင်ကလေးတစ်ယောက် သေတယ်။ သူ့မိဘနှစ်ယောက်ရယ် သူ့ရဲ့မိသားစုဝင်တစ်ယောက်သုံးယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ ၆တန်းအရွယ် ၁၄ နှစ်သာရှိသေးတဲ့ မလွေးမော်မော်စန်းဆိုသူဖြစ်ပြီး ရင်ဘက်ကိုထိမှန်ပြီးသေဆုံးခဲ့ရတာဖြစ်ပြီး နောက်ထပ် မိုင်းရဲလင်းနောင် အသက် ၁၈ နှစ်၊ ယာမြညွန့် အသက် ၄၈ နှစ် နဲ့ တာထွန်းလှ အသက် ၅၀ အရွယ်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ မနေ့က နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်း နဲ့ ကျောက်မဲမြို့ တပ်စခန်းတွေကနေ နမ့်ဆန်မြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မြို့သစ်ရွာ အတွင်းကနေအိမ်တစ်ချို့မှာ လက်နက်ကြီးထိမှန်တာကြောင့် ပျက်ဆီးမှုတွေရှိတယ်လို့ သိရပါတယ်။

အခုလို လက်နက်ကြီးပစ်ခတ်ခံနေရတဲ့ နမ့်ဆန်မြို့နယ်မှာတော့ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။

အဲ့ဘက်မှာက စစ်တပ်ဘက်ကထင်တာ TNLA က အဲ့ဘက်မှာရှိနေတယ် နေရာချတယ်လို့ သူတို့ဘက်က ထင်ပုံရတယ် ဒါကတော့ ကျမရဲ့ တစ်ဦးတစ်ယောက်အမြင်ပါ အဲ့အုန်းစွမ်ကတော့ဘာမှမရှိဘူး ရွာကကြီး ပေမဲ့ ဘာမှမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး” လို့ပြောပါတယ်။

အလားတူ မနေ့ကလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မြို့သစ်ကြီး ရွာက သားအဖနှစ်ယောက် သေဆုံးခဲ့သလို အရပ်သား၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၅ လုံး ထိခိုက်ပျက်ဆီးခဲ့ရပါသေးတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်မှာ မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရှမ်းပြည်မြောက်ပိုင်းမှာ သေဆုံးခဲ့တဲ့အရပ်သား ၅၀ ကျော်ရှိပြီလို့ သျှမ်းကျောင်းသားသမဂ္ဂက ပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button