သတင်း

အင်ဂျန်းယန်မြို့မှာတပ်စွဲတဲ့ ဆယ်စုနှစ်ကြာ စစ်ကောင်စီတပ်စခန်း ၂ ခု အပြီးဆုတ်ခွာ

ကချင်ပြည်နယ် မြစ်ဆုံအထက် အင်ဂျန်းယန်မြို့မှာတပ်စွဲတဲ့ ဆယ်စုနှစ်ကြာစစ်ကောင်စီတပ်စခန်း ၂ ခု အပြီးရုတ်သိမ်းဆုတ်ခွာသွားပြီလို့ဒေသခံတွေပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနေ့ညနေပိုင်း ၃ နာရီခန့်ကတည်းက အင်ဂျန်းယန်မြို့တပ်စခန်းနဲ့ ၁၅ မိုင်ဂိတ် ဇွပ်မိုင်ယန်စတဲ့စခန်းတွေထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကား ၅ စီးနဲ့ အပြီးဆုတ်ခွာဆင်းသွားပြီဖြစ်ကြောင်း သိရပါတယ်။

မှန်တယ် မနေ့ညနေ အားလုံးဆင်းသွားပြီ။ အင်ဂျန်းယန်မြို့ထဲ စစ်သားတွေ တစ်ယောက်မှ မကျန်တော့ဘူး။ မနေ့ညနေပိုင်း စစ်ကား ၅ စီးနဲ့ အားလုံးအပြီးဆင်းသွားတာ ခုဂွေထော်တပ်စခန်းထဲ ဝင်ရောက်နေတယ်ပြောတယ်။ အဲ့ကနေ ပြန်ဆင်းလာပြီလား မဆင်းလာသေးဘူးလားတော့ မသိသေးဘူးလို့ အဲ့ဒီဒေသက ပြည်သူတစ်ဦးပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ အင်ဂျန်းယန်မြို့တပ်စခန်းနဲ့ ၁၅ မိုင်ဂိတ် ဇွပ်မိုင်ယန်စတဲ့စခန်းတွေထဲက စစ်ကား ၅ စီးနဲ့ ဆုတ်ခွာဆင်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ရှိ အင်ဂျန်းယန်အောက် ဂွေထော်တပ်စခန်းထဲမှာ ဝင်ရောက်နေသေးတယ်လို့ နိုဝင်ဘာ ၂၁ ရက် ဒီကနေ့ ၁၂ နာရီခွဲအချိန်ခန့် ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပြခဲ့ပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက လက်နက်ပစ္စည်း ၊ ရိက္ခာများ ကြိုတင်သယ်ယူပြင်ဆင်ပြီး မနေ့ညနေပိုင်းတော့ စစ်သားတွေအားလုံး ကား ၅ စီးနဲ့ ဆင်းသွားတာဖြစ်ပြီး သူတို့နဲ့အတူ မြို့ထဲက ရဲတပ်ဖွဲ့ဝင်တချို့လည်း ဆုတ်သွားတဲ့ထဲပါသွားတယ်လို့ ဆက်လက်သိရပါတယ်။

အင်ဂျန်းယန်ဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ အခုလို စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာသွားတာဟာ လုံခြုံရေးကို စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေအထားဖြစ်တယ်လို့ ဒေသခံကအခုလို သုံးသပ်ပြောဆိုပါတယ်။

တကယ်ဆို အင်ဂျန်းယန်က ဘာမှတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ ဆယ်စုနှစ်အတွင်း အခုလို တပ်စခန်းတစ်ခုလုံး ဆုတ်ခွာဆင်းသွားတာလည်း မရှိဖူးဘူး။ အင်ဂျန်းယန်မြို့ထဲကို တပ်စွဲတဲ့ တပ်စခန်းတွေပဲလေ။ တော်တော်ကြာပြီလေ အရင်ခေတ်ကတည်းက အင်ဂျန်းယန်ဒေသမှာ တပ်စွဲနေတာဟုတ်တယ်။ ဇွပ်မိုင်ယန်ဂိတ်က တပ်စခန်းဆိုလည်း တော်တော်ကြာပြီ။ ဆိုတော့ အခုအားလုံးသိမ်းပြီး ဆုတ်ခွာသွားကြတာဆိုတော့ သူတို့ တော်တော်စိုးရိမ်လာပုံရှိတယ်။” ဟု သူကဆက်ပြောပါတယ်။

ဒီသတင်းကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ သေချာမသိသေးတာကြောင့် စုံစမ်းနေဆဲလို့သာ ဖြေဆိုခဲ့ပါတယ်။

အင်ဂျန်ယန်ဒေသကို မေခနဲ့ မလိခမြစ်တို့ကြား မြစ်ဆုံအထက် တြိဂံနယ်မြေလို့လည်း ခေါ်ဆိုကြပြီး ခုဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၂ ခုဟာ အင်ဂျန်ယန်နယ်မြေတစ်ခုလုံးမှာရှိတဲ့ နှစ်ခုတည်းရှိတဲ့စခန်းတွေဖြစ်ပြီး တပ်စခန်းအားလုံး ရုတ်သိမ်းဆုတ်ခွာသွားခြင်းဖြစ်ပါတယ်။

အင်ဂျန်းယန်မြို့က အဲ့ဒီတပ်စခန်းမှာ ပုံမှန် စစ်ကောင်စီအင်အား ၁၀၀ ခန့်တပ်စွဲလျက်ရှိပြီး KIA တပ်မဟာ ၁ နယ်မြေထဲက အရေးပါစစ်ကောင်စီတပ်စခန်းလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button