သတင်း

လော်ဝေါ်မျိုးနွယ်ထဲက ခေါင်းဆောင်တစ်ချို့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ လော်ဝေါ်မျိုးနွယ်စုခေါင်းဆောင်တစ်ချို့ဟာ စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်မြို့ခံ လော်ဝေါ်မျိုးနွယ်စုဝင်တွေဆီကနေ သိရပါတယ်။

ခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့အပေါ် အဓိကလော်ဝေါ်မျိုးနွယ်စုဝင်လူငယ်တွေကို တပ်သားသစ်စုဆောင်းတာအပြင် လော်ဝေါ်အမည်နာမကိုသုံးပြီး လော်ဝေါ်ပြည်သူ့စစ်သဖွယ် လုပ်ဆောင်လာတာတွေကြောင့် လော်ဝေါ်မျိုးနွယ်စုဝင်တွေကြားမှာ ဝေဖန်သံတွေ ခပ်စိပ်စိပ်ထွက်ပေါ်လာပါတယ်။

လက်ရှိ ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးနေကြတဲ့အပေါ် မှာလည်း လော်ဝေါ်မျိုးနွယ်စုတွေကြားမှာ စည်းရုံးလှုံ့ဆော်တာတွေ၊ ပြည်သူ့စစ်ထဲဝင်ဖို့ တပ်သားစုစောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာဟာ ခုဆိုရင် ၂ လ လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လော်ဝေါ်မျိုးနွယ်ထဲမှာ ပြည်သူ့စစ်ဆိုပြီး အရင်တုန်းကလည်း တစ်ခါကြားဖူးတယ်။ အဲ့နောက်ပိုင်း ပြန်မကြားရတော့ အခုမှ ပြန်ပေါ်လာတယ်။ သိပ်မကြာသေးဘူး လပိုင်းပဲရှိသေးတယ်။ စုံစမ်းကြည့်ရ သလောက်ဆို စစ်ကောင်စီကနေ လက်ရှိလီဆူပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်ကြဖို့ ပြောထားတယ်လို့ကြားတယ်တဲ့ အဲ့လိုတော့ ကြားနေရတယ်လို့ ဝူယာန် လော်ဝေါ်ဒေသခံတစ်ယောက်က ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့မှာ ဆော့လော် PDF ဝင်တစ်ချို့ စစ်ကောင်စီဘက်ကို ဝင်ရောက်သွားတဲ့ မြင်ကွင်းတစ်ချို့

ပြည်သူ့စစ်ဖွဲ့စည်းဖို့နဲ့ပတ်သက်ပြီး တရားဝင်စည်းရုံးပြောဆိုမျိုးမဟုတ်ပေမယ့် နီးစပ်ရာ ဆွေမျိုးအချင်းချင်းနဲ့ လော်ဝေါ်ဘာသာရေးကျောင်းတွေမှာဦးတည်ပြီးတော့ စည်းရုံးရေးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား၊ဝိုင်းမော်ဘက်က လော်ဝေါ်လူကြီးပိုင်းတစ်ချို့ကို စစ်ကောင်စီတပ်တွေဟာ ပြည်သူ့စစ်ဖွဲ့စည်းပြီး ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ စစ်ကောင်စီဘက်ကနေပြောဆိုထားတာတွေရှိနေတာကြောင့် အခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့အထိ ဖြစ်လာတာဖြစ်တယ်လို့ ဝူယာန်ဒေသခံ လော်ဝေါ်အမျိုးသားကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလောက်မှာပဲ အောင်မြေ ၁ ၊ လမြန်၊ ဝူယာန် ကျေးရွာတွေမှာနေထိုင်တဲ့ လော်ဝေါ်လူငယ် ၁၀ ယောက် ဝန်းကျင်လောက်ကို ပြည်သူ့စစ်လုပ်ဖို့ရန်အတွက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပေမယ့် လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ဘယ်လောက်အထိ ရှိသွားပြီဆိုတာကို အသေးစိတ်မသိရသေးပါဘူး။

ဒါ့အပြင် လက်ရှိမှာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခလရ ၃၂၁ တပ်ရင်းမှာ ပြည်သူ့စစ်လုပ်ဖို့ရန်အတွက် ပထမအသုတ်အနေနဲ့ လူဦးရေ ၅၀ ယောက်လောက်က စစ်သင်တန်းတက်ရောက်နေတယ်လို့ သိရပြီး သင်တန်းတက်နေတဲ့အထဲမှာ ဝိုင်းမော်၊ လမြန်၊ အောင်မြေ()နဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေးရှုပ်ထွေးနေတဲ့ကြားထဲမှာ စစ်ကောင်စီရဲ့လက်အောက်မှာ ရပ်တည်ပြီးတော့ ပြည်သူ့စစ်လုပ်ကိုင်ဖို့ လှုံ့ဆော်နေသူတွေဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ဝူယာန်လော်ဝေါ်ဒေသခံတစ်ယောက် အဆက်လက်ကန့်ကွက်ပြောဆိုထားပါတယ်။

ဒါက သူတို့လုပ်ဆောင်နေတဲ့ စိတ်ဓါတ်က ပေါ်လွင်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်လုပ်ရဲတာလည်း မဟုတ်ဘူး ပုန်းသျှိုးကွယ်သျှိုးလုပ်နေကတည်းက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူး။ သူတို့ ကိုယ်ကျိုးစီပွားမြင်လို့ အခုလိုလုပ်လာတယ်လို့ပဲမြင်ပါတယ်။ ဘာလို့ဆိုတော့ လက်နက်အားကိုးပြီးမှသာ သူတို့လုပ်ချင်သလိုလုပ်ကြမှာလေ။ ပြောချင်တာက သူတို့ဖာသူတို့ စစ်တပ်နဲ့ဆက်သွယ်ပြီးလုပ်နေတယ်လို့ပဲ မြင်ပါတယ်လို့ပြောပါတယ်။

လော်ဝေါ်မျိုးနွယ်စုဝင်တွေကို ပြည်သူ့စစ်ဖြစ်လာဖို့ကြိုးစားနေတဲ့ ဦးဆောင်သူတွေထဲမှာ ကော်မတီဝင် ၁၀ ယောက်လောက်ပါဝင်တယ်လို့သိရပြီး ဝိုင်းမော်မြို့၊ လမြန်၊ အင်ဂျန်ဒုံ၊ မိုင်းနား၊ လဘန်ကထောင်နဲ့လယ်ကုန်း စတဲ့နေရာအသီးသီးက လော်ဝေါ်လူကြီးတစ်ချို့တွေဖြစ်ကြတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့လော်ဝေါ်ဆိုတဲ့ အမည်နာမကို နိုင်ငံရေး၊ လူမှုရေးနဲ့ အခြေားသောအသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင်ရာမှာ အမည်နာမကို သုံးစွဲခွင့်မပြုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို လော်ဝေါ်စာပေနှင့် ရိုးရာယာဉ်ကျေးမှု ဗဟိုကော်မတီ ကနေ အသိပေးပြောဆိုလိုက်တာလည်းတွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ အဓိကအားဖြင့် လက်ရှိ နိုင်ငံရေးရှုပ်ထွေးနေတဲ့ကြားကာလမှာ မိမိရဲ့ကျိုးစီးပွားရေးနဲ့ လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်မှုမရှိတဲ့ အသင်းအဖွဲ့ဆောင်ရွက်ရာတွေမှာ လော်ဝေါ်အမည်နာမကို သုံးစွဲတာတွေ မပြုလုပ်ကြဖို့ရန်အတွက် သိရှိဖို့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ လော်ဝေါ်စာပေနှင့် ရိုးရာယာဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ လမောင်ဂျုံးဒိုင်ကလည်း အခုလိုပြောဆိုထားပါတယ်။

လော်ဝေါ်ဆိုတဲ့ အမည်နာမက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အမည်နာမဖြစ်တယ်။ ဒါကြောင့်လော်ဝေါ်ဆိုတဲ့ အမည်နာမကို သုံးလာပြီဆိုရင် ကျနော်တို့ လော်ဝေါ်ရိုးရာယာဉ်ကျေးမှု ကော်မတီရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်တယ်။ တကယ်လို့ ခွင့်ပြုချက် သဘောတူညီချက်မယူဘဲနဲ့ လော်ဝေါ်ပြည်သူ့စစ်ရှိလာခဲ့ရင်လည်း ခွင့်ပြုပေးမှာမဟုတ်သလို ကန့်ကွက်သွား ဖို့ပဲရှိပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ လလောက်မှာ ဆော့လော်ဒေသက ဦးယဂျော်ဒိုင်လွမ်း ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၁၀ ယောက်ပါဝင်တဲ့ အဖွဲ့နဲ့ လော်ဝေါ်ပြည်သူ့စစ်ဖွဲ့စည်း ဦးဆောင်တဲ့ ဝိုင်းမော်ဘက်က ဦးလာဟုတ်ခေါင်ဒေါင်၊ လော်ဒယ်လွမ်းခေါင်တို့အပါ အယောက် ၃၀ လောက်ဟာ လက်ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တပ်နေရာထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ခုလိုလော်ဝေါ်မျိုးနွယ်စုဝင်တွေရဲ့ အမည်နာမကို အသုံးပြုပြီး လော်ဝေါ်ပြည်သူ့စစ်သဖွယ် လုပ်ဆောင်လာနေတဲ့အပေါ် မျိုးနွယ်စုဝင်တွေကြားမှာ ကန့်ကွက်တာတွေကြောင့် ဆော့လော်ဌာနယ်ပြည်သူ့စစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ထပ်ပြီးပြင်ဆင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါအပြင် တစ်ဖက်မှာလည်း ခုလိုလော်ဝေါ်မျိုးနွယ်စုဝင်တွေကို ပြည်သူ့စစ်လုပ်ဖို့စည်းရုံး လှုံ့ဆော်နေသူတစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတာတွေလည်း ရှိနေပါတယ်။

လော်ဝေါ်မျိုးနွယ်စုခေါင်းဆောင်တစ်ချို့ ဆော့လော်ဌာနေပြည်သူ့စစ်အဖွဲ့စည်းဖို့ရန်အတွက် ကြိုးစားလုပ်ဆောင်နေတဲ့ ကိစ္စအနေနဲ့ KNG သတင်းဌာနက အသေးစိတ်သိရှိဖို့ ဆက်လက်စုံးစမ်းနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button