ဟုမ္မလင်းနယ်က SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်း PDF တွေတိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့စစ်ကောင်စီတွေပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ တပ်ထိုင်လာတဲ့ SNAနှင့်စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ညပိုင်းကနေ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီကနေ့မနက်ပိုင်း ၆ နာရီလောက်မှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်တယ်လို့ ဟုမ္မလင်း PDFနဲ့ရင်းနှီးတဲ့ အမျိုးသမီးတစ်ဦးက KNGကိုပြော ပါတယ်။
“တိုက်ပွဲကတော့မနေ့ည ပိုင်းကတည်းကဖြစ်နေတာ အခုမနက်မှာတော့သိမ်းလိုက်ပြီလို့ ပြောလာတယ်။ အခုနောင်တစ်ဆက်ထဲပဲ နောင်ပိုအောင်ကိုလည်း တစ်ခါတည်းသိမ်းဖို့လုပ်နေတယ်”လို့သူကပြောပါတယ်။
အဲ့ဒီလွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲကို ခန္တီးခရိုင်တပ်ရင်း (၁)၊Homalin ၁၂၃ တပ်ရင်း၊ဦးရှမ်းကြီးတပ်ရင်းစတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ပိုက်ရရှိခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး တိုက်ပွဲအသေးစိတ်ကို သိရဖို့ Homalin pdfတာဝန်ရှိသူတွေကိုဖုန်းဆက်သွယ်နေဆဲဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီတပ်က လွှစင်ကုန်းဘက်ကို လေယာဥ်ပစ်ကူနေတွေစေလွှတ်နေတယ််လို့ ဒေသခံတွေကဆိုပါတယ်။
“အခုနပဲ လေယာဥ်တစ်စီးကျွန်မတို့ခေါင်းပေါ်ကနေပျံသွားတာ မကြာလိုက်ဘူးဗုံးကျဲသံတွေကြားရတယ် သုံးလေးချက်ရှိပြီ”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေပြီး မပေါက်ကွဲတဲ့ ဗုံးတစ်ချို့လည်း ရှိတယ်လို့ သိရပါတယ်။
ဟုမ္မလင်း PDFပူးပေါင်းတပ်တွေက လက်ရှိ လွှစင်ကုန်းရဲ့အရှေ့ဘက်မှာရှိတဲ့နောင်ပိုအောင်အထိုင်တပ်စခန်းကိုလည်း ဆက်သိမ်းဖို့လုပ်ဆောင်နေပြီး အခြေအနေအသေးစိတ်ကိုစုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
လက်ရှိ လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် နောင်ပိုအောင်ကျေးရွာက ရွာလုံးကျွတ်မနေ့ညကတည်းက ဟုမ္မလင်းမြို့ပေါ်ကတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။
ဟုမ္မလင်းနယ်ဟာ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား မကြခနဆိုသလို တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
By – Zaw Zaw