သတင်း

စစ်ကောင်စီတပ်က လက်နက်ပစ်ခတ်နေတာကြောင့် နဘားကျေးရွာတောင်သူများ လယ်စပါးမရိတ်သိမ်းနိုင်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကျဲတိုက် ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေတာကြောင့် နဘားကျေးရွာအပါ ရွာသုံးရွာက ပြည်သူတွေလယ်စပါးမရိတ်သိမ်းနိုင်ပဲဖြစ်နေတယ်လို့ နဘားဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး အင်းတော်မော်လူးဗျူဟာကားလမ်းမကြီးဘေးမှာရှိတဲ့ နဘားကျေးရွာ၊နားမကြိုင်း၊ပင်းတင့် ကျေးရွာဘက်ကို စစ်တပ်ကနေ့ရောညပါ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေကြောင့် တောင်သူတွေလယ်စပါးဆက် မရိတ်သိမ်းနိုင်ပဲနားနေရတယ်လို့ နဘားကျေးရွာနေအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

အင်းတော်မြို့ကနေကော၊နဘားရွာထဲကနေရော နေ့၊ည လက်နက်ကြီးတွေပစ်နေတော့ လယ်ကဘယ်လိုမှဆက်သိမ်းလို့ မဆင်ပြေဘူး။သူတို့ပစ်တဲ့လက်နက်ကြီးက လယ်ကွင်းထဲမှာကောကျတယ်လေး အဲ့ကြောင့်ပြည်သူတွေက လယ်မသိမ်းရဲ ဘူးဖြစ်နေတာလို့ သူကပြောပါတယ်။

စစ်တပ်ဘက်က နိုဝင်ဘာ ၁၉ ရက်နေ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ နားမကြိုင်းဒေသခံတွေရဲ့လယ်ကွင်း ထဲတစ်လုံးကျရောက်ပေါက်ကွဲခဲ့သလိုနိုဝင်ဘာ ၂၀ ရက်နေ့ကလည်း နဘားဒေသခံတွေရဲ့လယ်ကွင်းဘေးမှာ ၂ လုံးအထိကျရောက်ပေါက်ကွဲခဲ့တာကြောင့် နဘား၊ပင်းတင့်၊ နားမကြိုင်းကျေးရွာကတောင်သူတွေဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီးလယ်စပါးဆက်မသိမ်းနိုင်ပဲ ပြေးနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ခုလို နဘားရွာတစ်ဝိုက်ကို ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်မြို့တွင်းတပ်နဲ့ နဘားကျေးရွာမှာတပ်စွဲထားတဲ့ တပ်တွေဖြစ်ပြီး ကျေးရွာတွေဘက်ကို မနက်ခင်းပိုင်း၊ မွန်းလွဲပိုင်းအပြင် ညဘက် ၉နာရီနဲ့ ၁၀ နာရီအချိန်တွေမှာလည်း လက်နက်ကြီးပစ်ခတ်လာတာတွေရှိနေတာကြောင့် ကျေးရွာတွေထဲက ပြည်သူတွေဟာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။

အခုလက်နက်ကြီး မပစ်လာတာဆိုလို့ ၂၂ နေ့ညရယ် ဒီကနေ့ရယ်ပဲရှိသေးတယ်။ ကျန်တဲ့နေ့တွေကတော့ ဆက်တိုက်နေ့ကောညာကော လေးရက်ဆက်တိုက်ပစ်တယ်ဗျ။ ဒေသခံတွေလည်းတောတောင်ထဲပြေးရင်းလွှား ရင်းနဲ့လယ်သိမ်းနေရတာလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နဘား၊ နားမကြိုင်းဘက်တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးကအခုလိုပြောပါတယ်။

အခုရက်ပိုင်းအင်းတော်နဘားဘက်ကတော့ ငြိမ်ပါတယ်တိုက်ပွဲ ဖြစ်တာမရှိဘူးသူတို့စစ်ကောင်စီဘက်ကပဲ။ တစ်ဖက်သက်ဗုံးကျဲလိုက်လက်နက်ကြီးတွေ ပစ်လိုက်လုပ်နေတာပါ။ နဘားဘက်မှာ ကာကွယ်ရေးတပ်တွေရှိတယ်ဘာညာကြားလို့ပစ်တာလို့တော့သိရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နဘားဘက်ကို လေးရက်ဆက်တိုက်လက်နက်ကြီးတွေပစ်ခတ်လို့ အရပ်သားထိခိုက်တာမျိုးမရှိပေမယ့် နိုဝင်ဘာ ၁၉ ရက်နေ့က စော်မော်ချောင်းအနီးစျေးဆိုင်တန်းကိုဗုံးကျဲရာမှာ စျေးသည်အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိူးသားတစ်ဦးဒဏ်ရာရရှိကာ စျေးဆိုင်တစ်ဆိုင်လည်းမီးလောင်သွားခဲ့ပါတယ်။

ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ အင်းတော်မြို့နယ်မှာ လက်ရှိ စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု၊လက်နက်ကြီး၊လက်နက်ငယ် တွေရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ပေါ်လူထု သုံးပုံနှစ်ပုံခန့်ထွက်ပြေးတိမ်းရှောင်နေရသလို မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်လည်း စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button