သတင်း

ကျောက်မဲမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက်ကျည်ထိမှန်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့နီးနားကကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နမ့်ခုံးပရဟိတအသင်းဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ မနေ့က ညပိုင်း ၁၁ နာရီကျော်လောက်မှာ ကျောက်မဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ ခမရ၅၀၁၊ ခမရ၅၀၂ တပ် ကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အပြင် ဒီကနေ့ မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာလည်း အရပ်သားတွေနေတဲ့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်ခဲ့တာလို့ နမ့်ခုံးပရဟိတအသင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ကျနော်တို့သိတာကတော့ ဒီနေ့အထိ၃ ယောက်ရှိပြီ နှစ်ရက်အတွင်းပေါ့ မနေ့ညတုန်းကတော့ ဦးဇင်း တစ်ပါးထိတာ လက်မောင်း နဲ့ ခြေသလုံးတွေထိတာ ဒီမနက်ပစ်တာကကျ အမျိုးသမီးထိမှန်ဒဏ်ရာရတာ ပြီးတော့ နေ့လည်ကလည်း အမျိုးသားတစ်ယောက် ထပ်ထိတယ်လို့ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့သူတွေကတော့ ကျောက်မဲမြို့နဲ့ ၂ မိုင်လောက်အကွာ နမ့်ဟူးရွာဘုန်းကြီးကျောင်းက ဦးဇင်းတစ်ပါး၊ လွယ်ခေါ်ရွာက အသက် ၂၉ နှစ်အရွယ် နမ်းမွမ်းဆိုင် နဲ့ ဗူးခါးရွာက ဦးစိုင်းအိုက်ဦးတို့ ထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်း၈နာရီလောက်မှာတော့ ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA အကြား တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲအခြေနေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးပြောတာက “ ဒီမနက်တိုက်ပွဲဖြစ်တယ်လို့လည်း ကြားတယ် မြို့ထဲကနေပဲ စစ်တပ်ကလှမ်းလှမ်းပစ်နေတာ ရွာတွေဘက် ကို သတင်းကြားတဲ့ဘက်တွေ လျှောက်ပစ် တာပေါ့ အဲ့လိုပဲပစ်တာ ရွာတွေထဲကျတာ ၁၂၀မမ တို့ဘာတို့ နဲ့ပေါ့” လို့ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာတော့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့အောက်တိုဘာ လ ၂၇ ရက်နေ့ကနေ ဒီကနေ့အထိကို အရပ်သားသေဆုံးမှု ၇၂ ဦးအထိရှိခဲ့ပြီး အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂၆ ဦးအထိပါဝင်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button