တိုက်ပွဲသတင်း

မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို  နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး  ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်  ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း  The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။

မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။

 လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။  

အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ်  စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက်

၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင် အဆောက်အဦးနဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာရှိကြောင်း ဆက်လက်သိရပါတယ်။ 

စစ်တပ်က သူတို့ရဲ့စခန်းကျသွားပြီဆိုရင် ပြန်ပြီး အဲ့ဒီနေရာကို လေယာဉ်နဲ့ ပြန်ပြန်လာပစ်တယ်လေ။ ဆိုတော့ မနေ့ည တညလုံး ၁၀၅ ဘက် အတကုန်လာပစ်တာ။ လူငယ်တစ်ယောက်သေသွားတယ်လေ။ မနေ့ည ကတည်းက ၁၀၅ မိုင်မှာလည်း ပြန်ပြီး တိုက်ပွဲဖြစ်တာ။ တစ်ဆက်ထဲပဲ မုံးပေါ်တံတားက စစ်တပ်စခန်းကိုလည်း ပြန်တိုက်ခိုက်နေတာ အခုထိပဲ။ အဘက်ဘက်က လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်ကူနေတယ်။” ဟု သူမက ဆက်ပြောပါတယ်။

လက်ရှမှာ ၁၀၅ မိုင်နီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူအမြောက်အများတော့ ဘေးလွတ်ရာ ကျေးရွာဘက်နဲ့ တောင်ယာခင်း၊ လယ်ခင်း  ခြံခင်းတွေထဲ ထွက်ပြေးတိမ်းရှောင် နေကြပြီး အိမ်စောင့်လောက် ပဲမြို့ထဲနေနေကြရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်မနေ့ညနေကတည်းက ၁၀၅ မိုင်ထဲ မြောက်ပိုင်းမဟာမိတ်တွေဝင်ရောက်ပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေရာ တစ်ဆက်တည်း မုံးပေါ်တံတားက စစ်တပ်စခန်းကို လည်း မဟာမိတ်အဖွဲ့ဘက်က တိုက်ခိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ လက်ရှိချိန်ထိ မုံးပေါ်တံတားက စစ်ကောင်စီတပ်စခန်းမှာတိုက်ပွဲပြင်းထန်နေပြီး မူဆယ်မြို့ အထွက် စစ်တပ်စခန်းနဲ့ ၁၀၅ မိုင်ဘက်ကလက်နက်ကြီးများနဲ့ ဆက်တိုက်ပစ်ကူနေသလို နမ့်ဖက်ကာခလရ ၁၂၃ တပ်စခန်းဘက်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ကူနေကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း– မူဆယ်၁၀၅ မိုင်– နမ့်တောင်း စတဲ့လမ်းပိုင်းဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး  လပြည့်တဲ့နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စစ်ဆင်ရေးပိုမြင့်လာမယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button