သတင်း

အင်းတော်မြို့ပြင် နေရာ ၃ နေရာမှာ စစ်အင်အားအလုံးအရင်းနဲ့ အထိုင်စခန်းထပ်တိုးထား

စစ်ကိုင်းဒေသကြီး အင်းတော်မြို့ရဲ့အပြင်ဘက် နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်က အင်အား အများအပြားသုံးပြီး အထိုင်တပ်စခန်းတွေချထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အင်းတော်မြို့ရဲ့ တောင်ဘက် ၂ မိုင်လောက်အကွာမှာရှိတဲ့ နားခါးကျေးရွာထဲမှာတစ်နေရာ၊ အင်းတော်မြို့မြောက်ဘက် တစ်မိုင်ကျော်အကွာမှာရှိတဲ့ နန့် ကင်ကျေးထဲမှာတစ်နေရာနဲ့ အင်းတော်မြို့ရဲ့အရှေ့မြောက်ဘက်က နဘားကျေးရွာထဲမှာတစ်နေရာစုစုပေါင်း နေရာ ၃ နေရာမှာ အင်အားအများအပြားနဲ့အထိုင်တပ်ချထားတယ်လို့ အင်းတော် PDFမှ တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

သူတို့မြို့ကိုကာချင်တဲ့သဘောဗျ မြို့ထဲမှာလည်းရှိတယ် ခုနပြောသလိုမြို့ပတ်ပတ်လည်မှာလည်း သူတို့ကနေရာယူထားတယ် နဘားမှာဆို ၈၀ ကျော်လောက်ရှိတယ်။ နန့်ကင်ရွာနဲ့ နားခါးရွာဘက်မှာတော့ ၆၀ ကျော် ၇၀ နီးပါးရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နဘားရွာထဲမှာစစ်ကောင်စီတပ်တွေက ကျေးရွာထဲလူနေအိမ်တွေမှာတပ်စွဲထားပြီး နန့်ကင်ရွာမှာတော့ နန့်ကင်ရဲ့အနောက်ဘက်ကတောင်ကုန်းမှာနေရာယူထားသလို နားခါးရွာထဲမှတော့လူနေအိမ်တွေနဲ့ တောစပ်တွေမှာနေရာယူပြီးစခန်းချနေတယ်လို့ သိရပါတယ်။

အားလုံးကတော့ တပ်မ ၇၇ တွေပဲဗျ သူတို့အဲ့ဒီနေရာတွေမှာအခုလိုနေရာယူလာတာမကြာသေးဘူး လွန်ခဲ့တဲ့ ၄၊ ၅၊ ၁၀ ရက်လောက်ကမှစခန်းချလာတာလို့ အင်းတော်PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အင်းတော်မြို့ပတ်ပတ်လည်မှာစစ်ကောင်စီတပ်က အခုလိုအင်အားသုံးပြီးစခန်းချလာတာဟာ နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး ၂ရက်အကြာမှာ တပ်စွဲလာတာဖြစ်ပြီး ဒီကနေ့အထိ အထိုင်စခန်းချနေတာလို့သိရပါတယ်။

စစ်ကောင်စီတပ်က အခုလိုကျေးရွာတွေနဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာအင်နဲ့အားနဲ့ စခန်းချထားတာကြောင့် နဘား၊ နားခါး၊ နန့်ကင်ရွာဒေသခံတွေက တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နန့်ကင်ရွာတွေလည်းအတူတူပဲ ပြေးနေရတယ်သူတို့ဝင်လာကတည်းကပြေးနေတာ ခုထိသူတို့ရှိနေတော့ပြန်ဝင်လို့မရဘူးကျွန်တော်တို့နဘားရွာသားတွေလည်းအများပိုင်းတော့ပြေးနေရတယ်တချို့ထွက်ပြေးလို့အဆင်မပြေတဲ့လူလောက်ပဲ အိမ်ထဲမှာကျန်နေခဲ့တာ အိမ်စောင့်လောက်တော့ရှိတယ် အများပိုင်းကတော့ပြေးနေရတာပါ့လို့ နဘားဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

နဘားကျေးရွာကျေးရွာဒေသခံတွေနဲ့ အလားတူနားခါး၊နန့်ကင်ကျေးရွာဒေသခံတွေအများစုဟာ စစ်ကြောင်းစဝင်တဲ့နိုဝင်ဘာ ၈ရက်ကတည်းကတောတောင်တွေထဲထွက်ပြေး တိမ်းရှောင်နေကြတာလို့သိရပါတယ်။

အထက်ဖော်ပြပါ ကျေးရွာတွေမှာတပ်စွဲနေတဲ့စစ်ကောင်စီတပ်တွေဟာ နေ့ခင်းဘက်နဲ့ညဘက်တွေမှာ လက်နက်ကြီး၊လက်နက်ငယ်တွေလည်းရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့်အခြားအနီးဝန်းကျင်ကျေးရွာက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ကောလင်းမြို့သိမ်းခံရပြီးနောက်စစ်ကောင်စီတပ်ဟာ အင်းတောမြို့ပတ်လည်မှာ အခုလိုတပ်ဖြန့်ထားသလိုမြို့တွင်းမှာလည်း နေရာအနှံ့ကင်းပုန်းဝပ်တာတွေ၊လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေတာတွေကြောင့်အင်းတော်မြို့ပေါ်က ဒေသခံပြည်သူသုံးပုံနှစ်ပုံလောက်ဟာလည်း ယခင်အပတ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button