သတင်း

မူဆယ် ၁၀၅ မိုင်အနီးတစ်ဝိုက် လေကြောင်းနဲ့ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင်အနီးတစ်ဝိုက်ကို စစ်တပ် ၃ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာပဲ နမ့်တောင်းမရောက်ခင် လုံခန်ရွာဘယ်ဘက်တောင်ကုန်းမြင့်မှာအထိုင်ချတဲ့ စစ်တပ်ဗျူဟာကုန်းကို ကိုးကန့် MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်တွေက ၁၀၅ မိုင်အနီးတဝိုက် လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာပါ။

လုံခမ်းတပ်စခန်းသိမ်းပိုက်မှုအပြီး ၁၀၅ မိုင်ကိုရရှိအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကြိုးပမ်းနေတာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့ အထိတိုက်ပွဲမရပ်မနား ဆက်တိုက်ပြင်းထန်နေကြောင်း ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

ဒီနေ့လည်း မနက်မိုးမလင်းခင်ကတည်းကဆက်တိုက် မရပ်မနားခုထိ ပစ်နေကြတုန်း။ မနေ့ညလည်း လေယာဉ်နဲ့ ပြန်လာပစ်တယ်။ စစ်တပ်က သူတို့ရဲ့ လုံခမ်းတောင်ရှုံးနိမ့်လက်လွတ်လိုက်ရတာကြောင့် လေယာဉ်နဲ့ ဆက်တိုက်ပဲ ဗုံးကြဲနေတာ။ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံလည်း တစ်ဝက်လောက် ရစရာမရှိတော့ဘူး။ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ၁၀၅ မိုင်အနီးတဝိုက်က ရွာတွေထဲက ရွာသားတွေ ထိခိုက်သေဆုံးကြတာရှိတယ်။ ကျမသိရသလောက် ဒီ ရက်အတွင်း မနေ့ညကနဲ့ဆို ထိခိုက်တာရာ သေဆုံးတာရော ၁၀ ဦးထက်ကျော်ပြီ။ ဟု မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။

စစ်တပ်ဘက်က လုံခန်စခန်းလက်လွတ်လိုက်ရတဲ့ညမှာပဲ ဂျက်ဖိုက်တာ ၄ စီးနဲ့ တက်လာပြီး ဗုံးဆက်တိုက်ကြဲခဲ့သလို မူဆယ်အထွက် စစ်တပ်ကုန်းနဲ့ ၁၀၅ မိုင်၊ နမ့်ဖတ်ကာ ခလရ ၁၂၃ စတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်က ကားတချို့နဲ့ အဆောက်အဦးဆိုင်ခန်းအမြောက်အများ ထိခိုက်ပျက်စီးခဲ့သလို အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၂၇ ရက်နေ့ညနေပိုင်း ၃ နာရီလောက်မှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ထပ်ပြီးဗုံးကျဲခဲ့တာကြောင့် ၁၀၅ မိုင်အနီး မိုင်းယုရွာက ဒေသခံပြည်သူ  ၄ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၃ ဦးပါဝင်ကြောင်း ဆက်လက်သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့ မနေ့က ညနေပိုင်းလည်း ၁၀၅ မိုင်အလွန် မုံးပေါ်ဘက်သွားလမ်း နမ့်ခွိုင် ၊ မန့်မော် စတဲ့ကျေးရွာတွေကို စစ်တပ်က ဂျက်လေယာဉ်နဲ့ထပ်မံဗုံးကြဲခဲ့တာကြောင့် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးသွားသလို အရပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဆိုပါတယ်။

ရွာထဲမှာ အိမ်ဘယ်နှစ်အိမ်ပျက်စီးတယ်၊ လူဘယ်နှယောက်သေတယ် အသေးစိတ်တော့မသိရဘူး။ ယောက်ထက်မနည်းတော့ ထိခိုက်ဒဏ်ရာရတယ်တော့ သိရှိရတယ်။ ဟိုတနေ့က လုံလမ်းတောင်ကုန်း သိမ်းခံလိုက်ရတော့  အခုက ရက်ဆက်တိုက် လေယာဉ်နဲ့ ပစ်နေတာစစ်တပ်က။ ၁၀၅ မိုင်အနီးတဝိုက် နေရာတွေ တော်တော်များများ ထိခိုက်ပျက်စီးကုန်ပြီ။ ဒေသခံ ပြည်သူတွေအများပိုင်း မူဆယ်ဘက် စစ်ရှောင်ကြပြီ။ အိမ်မစောင့်မနေရသူတချို့တလေပဲ ကျန်နေတော့ပြီ” ဟု သူမက ဆက်ပြောပါတယ်။

လက်ရှိ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၀၅ မိုင်ကို ဝိုင်းထားပြီး တိုက်ခိုက်နေခြင်းဖြစ်သလို ကုန်သွယ်ရေးဇုံကို ထိန်းချူပ်နိုင်အောင်ကြိုးပမ်းနေတာကြောင့် ၁၀၅ မိုင်စစ်တပ်ကုန်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများဆိုပါတယ်။

အခု ၁၀၅ မိုင်မှာ နာရီလောက်ကြာလာပြီ ဆက်တိုက်ပစ်နေတာ။ မနေ့ညနေပိုင်းမှာတော့ ၁၀၅ မိုင် မိဘမဲ့ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီအဖွဲ့တွေ ဝင်ပုန်းနေကြတာကြောင့် ညီနောင်မဟာမိတ်တွေဘက်က ဒရုန်းနဲ့လိုက်ပစ်တာ။ အခုတော့ စစ်သားတချို့ထွက်ပြေးကုန်ပြီ ကြားတယ်။ ခုထိ ချောင်ဂျီချောင်ကြား နေရာတကာ ပစ်နေကြတယ်။” လို့ စစ်ရှောင်နေသူ ၁၀၅ မိုင်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဒေသခံများတွေရဲ့ပြောဆိုချက်အရ မူဆယ်မြို့တွင်းမှာလည်း ညမထွက်ရအမိန့်ကို စစ်တပ်ဘက်က ထုတ်ပြန်ထားသလို ည ၆ နာရီကနေ မနက် ၆ နာရီ သွားလာသူတွေကို ဖမ်းဆီးထားတာတွေလည်းရှိတဲ့အပြင် ၁၀၅ မိုင်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာကြောင့် လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင်ဟာ မြို့ဆယ်မြို့ကနေ ၆ မိုင်အကွာမှာ ရှိပြီး မူဆယ်နမ့်ခမ်းနဲ့ ပန်ဆိုင်း ၊ ကွတ်ခိုင်၊ မုံးပေါ် စတဲ့ မြို့တွေဆီ သွားလမ်း အချက်အချာကြတဲ့ နေရာမှာ တည်ရှိသလို တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button