သတင်း

မရန်ကထောင်ရွာထဲ ပစ်ခတ်မှုဖြစ်ပေါ်လာပါက ကျေးရွာမီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာထဲမှာ ပစ်ခတ်မှုတွေထပ်ပြီးဖြစ်လာခဲ့ရင် နေအိမ်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ စစ်ကောင်စီဘက်ကနေ ခြိမ်းခြောက်ပြောဆိုထားတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

နမ္မတီးမြို့အဝင် မရန်ကထောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်နဲ့တပ်စခန်းနေရာ ပစ်ခတ်ခံရတဲ့နောက်ပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စစ်တပ်ကပါ ခြိမ်းခြောက်နေတာကြောင့်အိမ်ထောင်စု ၅၀ လောက်က နမ္မတီးနဲ့ မိုးကောင်းမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတာ ၁၀ ရက်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

 လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ကျေးရွာတာဝန်ခံတစ်ချို့နဲ့ ရွာသားတွေကို စစ်တပ်နေရာ ပစ်ခတ်ခံရမှုမဖြစ်အောင် ကာကွယ်ပေးဖို့နဲ့ တိမ်းရှောင်သွားတဲ့ ရွာသားတွေကိုလည်း ရွာထဲပြန်လာကြဖို့ စည်းရုံးခိုင်းနေတယ်လို့ မရန်ကထောင်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ရွာထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် စစ်သားတွေက ရွာသားတွေကို ဖမ်းဆီးရိုက်နက်မှာကို စိုးရိမ်တဲ့အတွက် ရွာထဲကနေ တိမ်းရှောင်နေကြတာဖြစ်တယ်။ ရွာထဲမှာ လိုက်စစ်ပြီးတော့ KIA စစ်သားတွေဝင်လာရင် သတင်းပို့ဖို့အသည်းအသန်လိုက်ပြောထားတယ်။ မပြောပဲနဲ့ တိုက်ပွဲတွေပြန်ဖြစ်လာရင် သတ်မယ် ဖြတ်မယ်တဲ့။ သူတို့ကိုကာကွယ်ပေးရမယ်တဲ့ အဲလိုလိုက်ပြောတယ်။ နောက် ရွာကနေ တိမ်းရှောင်သွားကြတဲ့သူတွေကိုလည်း အမြန်ပြန်လာကြဖို့ ပြောထားတယ်။ ဒါမဟုတ်ရင် အိမ်တွေ မီးရှို့ပေးလိုက်မယ်တဲ့လို့ပြောပါတယ်။

 မရန်ကထောင် ကျေးရွာမှာ အိမ်ထောင်စု ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ထဲကနေ အိမ်ထောင်စု ၅၀ လောက်က အသက်ကြီးရွယ်အိုတွေ၊ ကလေးနို့စို့မိခင်များ၊ ရွာသားတွေက ကျေးရွာအတွင်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်တဲ့အတွက် ရွာထဲကို ပြန်မလာရဲကြဘဲ မိုးကောင်းနဲ့ နမ္မတီးမြို့တွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မရန်ကထောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားလာတာကြောင့် KBC ဘုရားကျောင်းဝင်းထဲမှာ ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ရွာလူကြီး ၅ ယောက်ကိုလည်း KIA နဲ့ PDF တပ်ဖွဲ့တွေ ရွာထဲ ဝင်ရောက်လာမှုရှိမရှိ တစ်ရက်ကို သတင်း ၃ ကြိမ်းပေးပို့ခိုင်းနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ၅ ယောက်ကိုလည်း တစ်ရက်ကို ၃ ကြိမ် ရွာထဲမှာ KIA နဲ့ PDF အဖွဲ့တွေ ဝင်လာ မဝင်လာ စောင့်ကြည့်ခိုင်းနေတယ်။ သူတို့ စခန်းရှိတဲ့နေရာကို သွားပြီးတော့ နေ့တိုင်း သတင်းပို့ပေးနေရတယ်။ ပြီးရင် အဲဒီ ၅ ယောက်ကိုပဲ ရွာကနေ ထွက်သွားတဲ့ သူတွေကို စည်းရုံးခိုင်နေတယ်။ သူတို့က အတင်းအကြပ်နဲ့ကို လုပ်နေတာလို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မရန်ကထောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်နဲ့ တပ်စခန်းနေရာကို KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တဲ့တာကြောင့်စစ်ကောင်စီတပ်သား ၃၀ လောက်က ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ဘုရားကျောင်းထဲဝင်ရောက်လာပြီး ရွာလူကြီး ၅ ယောက်ကို PDF နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ ရွာလူကြီး ၅ ယောက်ကို ၄ ရက်လောက် မိုးကောင်းစစ်တပ်ကုန်းမှာ ဖမ်းဆီးရိုက်နက်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၈ ရက်နေ့မှာ ပြန်လည်လွတ်ပေးပေမယ့် စစ်ကောင်စီရဲ့ ခြိမ်းခြောက်ပြောဆိုမှုရှိနေဆဲဖြစ်တာကြောင့် ရွာလူကြီး ၅ ယောက်အနက် တစ်ချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မရန်ကထောင် စစ်တပ်ဂိတ်ဟာ ဖားကန့်နဲ့ တနိုင်းသွားတဲ့ ကားလမ်းမကြီးပေါ်မှာ စစ်အင်အား ၃၀ နဲ့ ၄၀ ကြား တပ်ချထားတဲ့ စစ်တပ်ဂိတ်ကြီးတစ်ခုဖြစ်ပြီး ခရီးသွားပြည်သူတွေထံကနေ ငွေကြေးတောင်းမှုအများဆုံးဖြစ်တဲ့ စစ်တပ်ဂိတ်တာကြောင့် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button