သတင်း

ဗန်းမော်မြို့ထဲ ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့ထဲ ကုန်စည်စီးဆင်းတဲ့ ကားလမ်းမကြီး ၂ ခုစလုံး ပိတ်ခံလိုက်ရတဲ့နောက် ကုန်ကားအဝင်နည်းသွားတဲ့အတွက် ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေပြီး ပြည်သူတွေသွားလာရေးမှာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းကစပြီး ဗန်းမော်မြစ်ကြီးနားလမ်း၊ ဗန်းမော်မန္တလေးလမ်းကို စစ်ရေးအခြေနေအရ လက်နက်ကိုင် ၂ ဖွဲ့စလုံးက ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်မသွားဖို့ ကုန်ကားအနည်းအကျဉ်းတော့ ဝင်ခွင့်ပြုနေသေးတယ်လို့ ဆိုပါတယ်။

ခုလို ကုန်ကားအဝင်နည်းလာတာကြောင့် မြို့တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်‌နေတဲ့အပြင် စက်သုံးဆီတွေကိုလည်း အချိန်အကန့်အသတ်နဲ့ရောင်းပေးနေတယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်က KNG ကိုပြောပါတယ်။

ဒီမှာက ဆီပန့်တွေလည်း ပုံမှန်မဖွင့်ဘူး၊ အချိန်အပိုင်းအခြားနဲ့ မနက်ဆို ၈ နာရီကနေ ၁၀ နာရီလောက်ထိဖွင့်ပေးတယ်။ ညနေပိုင်းက ၃ နာရီ ကနေ ၄ နာရီထိတစ်လှည့်စီဖွင့်ပေးနေတာပေါ့၊ ဆီပန့်မှာဆို တစ်လီတာကို ၃၈၀၀ လောက်ရှိတယ်အပြင်ဆိုင် ဘူးနဲ့ ရောင်းတာတွေဆို ၇၀၀၀ နဲ့ ဝယ်နေရတယ်လို့ဆိုပါတယ်။

စက်သုံးဆီတွေ ပုံမှန်မရတဲ့အတွက် ဆိုင်ကယ်၊ သုံးဘီးကို အဓိကအသုံးပြုနေကြတဲ့ ပြည်သူတွေအတွက် သွားရေးလာရေးခက်ခဲလာသလို တစ်ဖက်မှာလည်း လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူဟာလည်း ရိတ်သိမ်းထားတဲ့စပါးတွေသယ်မရတာတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ဆီတွေ ဈေးကြီးနေတော့ အဝေးက အလုပ်လာလုပ်တဲ့သူတွေအတွက်ဆိုမလွယ်ဘူးလေ။ မိုးမောက်၊ မံစီ ဘက်ကနေ အလုပ်လာလုပ်တဲ့သူတွေလည်းရှိတယ်လေ၊ မြို့တွင်းမှာ ဆိုရင်လည်း အကုန်လုံးက ဆိုင်ကယ်၊ သုံးဘီ အသုံးပြုပြီး ရှာစားနေရတာဆိုတော့ တစ်ချို့ဆို ကားဆီမရလို့ စပါးတောင် မသယ်ယူနိုင်တာတွေရှိတယ်လို့ပြောပါတယ်။

စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် နေ့စားလုပ်တဲ့ ဒေသခံတွေဟာဆိုရင် အလုပ်သွားလို့မရတော့ဘဲ အလုပ်နားထားရတာကြောင့် စားဝတ်နေရေးမှာလည်း အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့မှာ နေ့တိုင်းလိုလို သေနတ်သံ၊ လက်နက်ကြီးတွေ သံကြားနေရတဲ့အတွက် လက်နက်ကြီးတွေ ကျ ရောက်ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေတယ်လို့ စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

အခုကျွန်မတို့ ဗန်းမော်မှာက နေ့တိုင်းညတိုင်း သေနတ်သံတွေကြားရတယ်။ ပြီးတော့ ကျွန်မတို့ စစ်ရှောင်စခန်းဘေးမှာ စစ်တပ်စခန်းရှိနေတော့ ပြီးခဲ့တဲ့ လိုင်ဇာ မုန်လိုင်ခက်က ဖြစ်စဉ်လို ဘယ်အချိန်များ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး စိုးရိမ်စိတ်နဲ့ နေနရတယ်လို့ပြောပါတယ်။

မြစ်ကြီးနားဗန်းမော် လမ်းပိုင်းကို ပြီးခဲ့တဲ့ လအတွင်းက စစ်ကောင်စီတပ်နဲ့ KIA PDF ပူပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လမ်းပိတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိပြီး သင်္ဘောဆိပ်ကမ်းရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button