လုံးခင်းကျောက်ဝိုင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

ဖားကန့်မြို့ လုံးခင်းကျေးရွာမှာရှိတဲ့ ညကျောက်ဝိုင်းမှာ ဒီကနေ့ည ၇ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ အမျိုးသားတစ်ဦး ဒဏ်ရာရရှိတယ်လို့ ကျောက်အရောင်း၊အဝယ် လုပ်သူတွေဆီက သိရပါတယ်။
“သေနတ်နဲ့ပစ်တာ၊တစ်ချက်ကြားလိုက်ရတယ်၊ပေါင်မှာဒဏ်ရာရသွားခဲ့တာ”လို့ မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့အပစ်ခံရသူဟာ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူဖြစ်သူဖြစ်တယ်လို့ သိရပြီး မည်သူမည်ဝါဖြစ်တယ်ဆိုဝာာကိုတော့ အသေးစိတ်မသိရသေးပေ။
“ဘာကြောင့်ပစ်တယ်ဆိုတာလဲ မသိရဘူး လူကများတော့ ဘယ်သူကပစ်သွားတာလဲဆိုတာကိုလည်း မသိရဘူး”လို့ နောက်ထပ် ကျောက်ဝိုင်းကထွက်ပြေးလာတဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသွားတဲ့သူကိုတော့ ကျောက်ဝိုင်းမှာရှိတဲ့ လူတွေက ဆိုင်ကယ်ပေါ်တင်ပြီး ခေါ် ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံးခင်းညကျောက်ဝိုင်းအတွင်း ကျောက်အရောင်း၊အဝယ်လုပ်သူများ ကြောက်လန့်ပြီး ထွက်ပြေးသွားကြတဲ့အတွက် ကျောက်ဝိုင်းလည်း ပိတ်သွားပြီလို့ သိရပါတယ်။
လုံးခင်းကျောက်ဝိုင်းဟာ ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင်း အားထားရာ စီးပွားရေး ဈေးကွက်နေရာတစ်ခုဖြစ်ပြီး ကျောက်အရောင်း၊အဝယ်လုပ်သူများ၊ပွဲစားများဖြင့် အမြဲစည်ကားနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
By – CJ