သတင်း

နမ့်ဆန်နဲ့လားရှိုးက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ထပ်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာပဲ နမ့်ဆန်မြို့နယ်က လွယ်ဆိုင်တပ်စခန်းနဲ့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ် အီနိုင်းရွာက စစ်ကောင်စီရဲ့ကင်းစခန်းတစ်ခုကိုလည်း ဒီကနေ့ မနက်ပိုင်း ၃ နာရီခွဲ ဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

တစ်ဖက်မှာတော့ သီပေါမြို့နယ် စံဖိတ်ရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့အကြား မနေ့က ည ၉ နာရီလောက်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့နယ် သစ်ကုန်းဘက်က စစ်ကောင်စီရဲ့တပ်စခန်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က ညဥ့်နက် ၁ နာရီဝန်းကျင်အထိကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာလည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ကတော့ နမ့်ဆန်မြို့နယ် နမ့်ခေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကဒိုင်းဖူး တောင်တပ်စခန်းကို တအာင်းတပ်မတော် TNLA က သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက်ပိုင်း တအာင်းတပ် မတော် TNLA ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၆၀နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button