သတင်း

ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ဒဏ်ရာပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံး နောက်ထပ်အရပ်သား ၆ ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေ ဆီကသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့ နှစ်ရက်အတွင်း ကွတ်ခိုင်မြို့ပေါ်နဲ့ လွယ်ဆိုင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

၈ ရက်နေ့ကနေ မနေ့ကအထိကို လက်နက်ကြီးတွေဆက်တိုက်ကျတယ် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ကတော့ လူတွေထိတယ် မြို့ထဲမှာရောအပါပေါ့ ကလေးတစ်ယောက်သေတယ် ကျန်တာကတော့ လူကြီးတွေပဲ ဒဏ်ရာပြင်းထန်ရတာလို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကွတ်ခိုင်မြို့နယ်မှာ မနေ့ကတော့ တအာင်း တပ်မတော် TNLA က မြို့သစ်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ခုလို တိုက်ပွဲတွေပြင်းထန်တာနဲ့ပြတ်တောက်နေတဲ့ အင်တာနက်လိုင်းကြောင့် ကွတ်ခိုင်မြို့နယ်က ဘေးလွတ်ရာကိုထွက်ပြေးနေကြရတဲ့ အရပ်သားတွေကို အကူညီပေးဖို့လည်း အခက်အခဲများစွာရှိနေတယ် လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်က ပြောပါတယ်။

မနေ့ကည ၁၀နာရီလောက်မှာ မြို့သစ်က ပြည်သူ့စစ်စခန်းကို TNLA ကသိမ်းသွားတယ် ဒီနေ့တော့ငြိမ် နေတယ် မနေ့ကတော့ တော်တော်လေးပစ်ကြတယ် လက်ရှိအခက်အခဲကတော့ အင်တာနက်လိုင်းတွေ မကောင်းလို့ အချိန်နဲ့တပြေးညီ အခက်အခဲအားလုံးကို မကူညီနိုင်ဘူးဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း လမ်းပိုင်းပိတ်ဆို့ထားတဲ့အခြေနေတွေကြောင့် ကွတ်ခိုင်၊ လားရှိုး နဲ့ သိန္နီကို ကုန်ပစ္စည်းစီးဆင်းမှုတွေမရှိသလို မြို့ပြင်မှာထွက်ပြေးနေကြရတဲ့ အရပ်သားတွေအတွက် အကူညီရဖို့ နှောင့်နှေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ကလည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးအခြေနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီလိုအပ်ချက်တွေဟာ ပိုမိုတိုးပွားလာနေ တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝှမ်းပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့အရပ်သား ဆက်တိုက် တိုးမြှင့်လာနေပြီးတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ လက်တလော နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အရပ်သား ၅ သိန်းကျော်အထိရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကပဲ ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button