သတင်း

ကသာမြို့နယ် ပကဖ အဖွဲ့ရဲ့ သတင်းတာဝန်ခံအပါအဝင် ၃ ယောက်သတ်ဖြတ်ခံရ

ကချင် စစ်ကိုင်းနယ်စပ်၊ ကသာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းတာဝန်ခံတစ်ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကသာမြို့နဲ့ ၅ မိုင်အကွာလောက်က ပင်းမလွှတ်ကျေးရွာကို စစ်ကောင်စီ တပ်ဘက်က ဝင်ရောက်စီးနင်းတဲ့အချိန် သတ်ဖြတ်ခံခဲ့ရတာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

တစ်နေ့ကပေါ့လေ သူတို့ကကသာဘေးကရွာမှာညအိပ်ကြတာ အဲ့တာသတင်းရလို့ထင်ပါတယ် စစ်ကောင်စီ က လာဝှိုက်ပြီးဖမ်းသွားတာပေါ့ အဲ့မှာ ၃ ယောက်ပေါ့ သတင်းတာဝန်ခံရယ်၊ထောက်ပို့တစ်ယောက် နဲ့အိမ်ရှင် ပေါ့ သတ်ခံလိုက်ရတာ လည်တွေလှီးပြီး သတ်ထားခဲ့တာ” လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၄၀ ခန့်အရွယ် ကသာမြို့နယ်ပကဖ သတင်းတာဝန်ခံ ကိုဘရန်ရှောင်၊ အိမ်ရှင်ဖြစ်သူ အသက် ၄၀ ခန့်အရွယ် ကိုဘောက်မိုင် နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ထောက်ပို့တပ်ဖွဲ့ဝင် ကိုဂျက်လီ ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နေအိမ် ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဖြစ်ရပ်ဟာ သတင်းပေး ကြောင့်ဖြစ်နိုင်တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က အခုလိုပြော ပါတယ်။

ကျနော်တို့ကတော့ ဓားသျှို၊ ဒလန်သတင်းပေးလို့ အတိအကျကိုသတင်းပေးလို့ ဒီလိုလာပြီး တိတိကျကျ ဒီအိမ်ကို လာဝှိုက်တယ်လို့ပဲ ယူဆပါတယ်။ သူတို့အိပ်တဲ့အိမ်ကိုလည်းမီးရှို့သွားတယ် စုစုပေါင်း အိမ် ၄လုံး မီးရှို့သွားတယ် လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကတော့ ကသာမြို့နယ်ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းနီတပ်မတော် SNA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်ပြီး ကသာမြို့ နဲ့ ပင်းမလွှတ်ကျေးရွာအကြားမှာ စစ်ကြောင်းပတ်သွားနေတယ်လို့ သိရပါတယ်။

ကသာမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကတော့ ကသာြမို့တွင်းဘန်ကာအခိုင်အမာဆောက်ပြီး ခုခံဖို့ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က KIA နဲ့ PDF တွေပူးပေါင်းပြီးတော့ ကောလင်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ကသာမြို့နယ်မှာလည်း မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

အဲ့ဒီလိုသတင်းတွေထွက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ကသာမြို့နယ်လက်မလွှတ်ရဖို့အတွက် လုံခြုံရေးနဲ့ ခုခံဖို့ပြင်ဆင်မှုတွေဆက်တိုက် လုပ်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ကသာမြို့နယ်က နိုင်ငံရေး လေ့လာသူတစ်ယောက်က KNG ကို ပြောခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button