သတင်း

KIA ဌာနချုပ်အနီး စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား

မြစ်ကြီးနားဗန်းမော်လမ်း ဒေါ့ဖုန်းယန်အထက်မှာ စစ်ရိက္ခာသယ်ပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ တွေက ပြောပါတယ်။

ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်းကနေ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ့် (Hka Ya Bum) ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) နားလုံ စစ်ကောင်စီတပ်စခန်းတွေကို စစ်ရိက္ခာသယ်ပို့ပေးပြီး ပြန်ဆင်းလာတဲ့ စစ်ယာဉ်တန်းကို KIA က တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ အမျိုးသားတစ်ယောက် KNG ကိုပြောပါတယ်။

စနေနေ့လောက်က တက်သွားကြတယ်။ မနေ့က ပြန်ဆင်းလာတာထင်တယ်။ တစ်ချို့ကားတွေက ဒေါ့ဖုန်းယန်ထဲကို ပြန်ရောက်လာကြပြီ။ တစ်ချို့ကတွေက ဒိန်ဂါနားမှာ KIA က တိုက်လို့ တိုက်ပွဲဖြစ်နေကြသေးတယ်။ ဒီမနက် ၇ လောက်ကနေ ဖြစ်တာအခုထိ ပစ်ခတ်နေကြတုန်းလို့ ပြောပါတယ်။

စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ ဒေါ့ဖုန်းယန်အထက် ဒိန်ဂါ ကျေးရွာမှာ တိုက်ခိုက်ခံနေရတာ ဖြစ်ပြီးတော့ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြောပြပါတယ်။

အဲဒီ စစ်ရိက္ခာသယ်ယာဉ်တန်းတွေက ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒေါ့ဖုန်ယန်တပ်စခန်းကနေ စစ်ကား အစီး ၂၀ ထွက်ခွားသွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကား ၁၄ စီးသာ ပြန်ဆင်းလာခဲ့တာမြင်တွေ့ရတယ်လို့ ဒေါ့ဖုန်ယန်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

၁၄ စီးကတော့ ဒေါ့ဖုန်းယန် တပ်စခန်းထဲ ပြန်ဝင်သွားနိုင်ပြီ။ ကျန်တဲ့ ၆ စီးက လမ်းမှာ တိုက်ခိုက်ခံနေရလို့ ကျန်ခဲ့လား မသိဘူး။ ခလား၊ ဒိန်ဂါ နေရာတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေတာဖြစ်တဲ့အတွက် သေချာတော့ မသိရသေးဘူး။ ဟိုကနေဘဲ ပြန်မဆင်းလာသေးတာလား။ အခုပစ်နေကြတာက လုံခြုံရေးယူပေးတဲ့ အဖွဲ့နဲ့ ဖြစ်နေတာဟုတ်တယ်” လို့ ပြောပြပါတယ်။

စစ်ရိက္ခာတင်ပို့တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာလည်း ဒေါ့ဖုန်းနဲ့ ဒိန်ဂါကြားမှာ လမ်းတစ်လျှောက် တိုက်ခိုက်ခံရတာတွေရှိခဲ့ပေမယ့် ခယာအထိ စစ်ရိက္ခာတွေ သယ်ပို့နိုင်ခဲ့ပြီး ပြန်ဆင်းလာတဲ့ အချိန်မှာ ပြန်လည် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်း စစ်ရိက္ခာယာဉ်တန်းတွေ ထွက်ခွာဖို့ရန်အတွက် လုံခြုံရေးပေးဖို့ တက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ဒေါ့ဖုန်ယန်နဲ့ ဒိန်ဂါ ကြားမှာ KIA တပ်ရင်း ၁၉ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲမှာ ၃ လောက်အကြာ ပိတ်ဆို့ခံထားရတဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းတွေ ထွက်ခွာဖို့ရန်အတွက် ဒေါ့ဖုန်းယန်ဘက်ကနေ လုံခြုံရေးယူပေးတဲ့ စစ်အင်အား ၁၀၀ ကျော်နဲ့ ခယာဘက်ကနေ ၁၀၀ ကျော် ဆင်းလာပြီး လုံခြုံရေးရယူထားပြီးတော့ အခုလို စစ်ရိက္ခာသယ်ယူလိုက်တာဖြစ်ပါတယ်။

အဲဒီ စစ်ရိက္ခာတွေက ပြီးခဲ့တဲ့ ဩဂုတ်လလောက်မှာ မန္တလေးဘက်ကနေ ရေကြောင်းနဲ့ ဗန်းမော်ကနေ တဆင့် သယ်ဆောင်ထားတဲ့ စစ်ရိက္ခာယာဉ်တန်းတွေဖြစ်ပြီးတော့ စက်တင်ဘာလမှာ ခယာဘက်ကို တက်လာတဲ့အချိန် ခလားအနီးတဝိုက် ၃ ရက်လောက်အကြာ KIA ရဲ့ ခုခံတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းအဖွဲ့တွေဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button