သတင်း

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၆ ယောက်သေဆုံးခဲ့

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီး နေအိမ် အလုံး ၆၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ဆီက သိရပါတယ်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဒီဇင်ဘာ၁၀ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှု၊လက်နက်ကြီး၊ လက်နက် ငယ် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အခုလို အရပ်သားတွေသေဆုံးခဲ့ရတာလို့ တအာင်းအမျိုးသမီးအဖွဲ့ အစည်း TWO ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

နမ့်ဆန်က မနေ့ကအထိ စာရင်းရတာက တစ်ပတ်အတွင်း သေဆုံးတဲ့သူက ၇ယောက်ပေါ့နော် ထိခိုက်တာ ရော သေဆုံးတာရောက စုစုပေါင်း ၁၃ ယောက်ရှိပြီပေါ့နော် အဲ့ထဲမှာ အားလုံးက ယောက်ျားလေးတွေပဲ ၂ ယောက်ကတော့ ထွက်ပြေးဖို့လုပ်နေရင်းနဲ့ ပစ်သတ်ခံရတာ ကျန်တဲ့ သူတွေကတော့ လေယာဥ်ဗုံးနဲ့ ကြဲ လို့သေသွားတာလို့ပြောပါတယ်။

လက်ရှိကောက်ယူရရှိထားတဲ့ အရပ်သားထိခိုက်သေဆုံးစာရင်းတွေဟာ မြေပြင်ကနေလက်လှမ်းမှီသ‌ လောက် ပြုစုထားတဲ့ ပမာဏဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် အရပ်သားနေအိမ်တွေနဲ့ စာသင်ကျောင်းတွေပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲက TNLA က နိုင်တဲ့အနေအထားမှာရှိပေမဲ့လို့ ဒီလေယာဥ်ကတော့ အမြဲလာတယ် မနေ့ကပဲ လာပစ်သွားတယ် ထိခိုက်သွားတဲ့အိမ်ကလည်း ကျမတို့ရတဲ့စာရင်းထက်ကိုပိုများနိုင်တယ် အဆိုးဆုံး ကတော့ နမ့်ဆန်မြို့မှာရှိတဲ့ တစ်မြို့လုံးရဲ့အကြီးဆုံးကျောင်း မြို့မဂိုဏ်းချုပ်ကျောင်းလည်း ပျက်ဆီးသွား တယ် အထက်တန်းကျောင်းရယ် မူလတန်းကျောင်းတွေပျက်ဆီးသွားတယ်လို့လည်း သိရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ အစည်း TWO ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

လက်လှမ်းမှီသလောက်ရရှိထားတဲ့စာရင်းတွေအရ နေအိမ်ပေါင်း ၁၄ လုံးဟာ မီးလောင်ပြာ ကျခဲ့ရပြီး နေအိမ် ၅၀ ကျော်ကတော့ ထိခိုက်ပျက်ဆီးထားတယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာပဲ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီလို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုရန်ရှိနေသေးလို့ အရပ်သား တွေကတော့ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့ကစ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၄၀ ကျော်သေဆုံးခဲ့သလို အဲ့ဒီထဲမှာ ကလေးငယ် ၂၃ ယောက်ပါဝင်တယ် လို့ ဒေသတွင်းသတင်းဌာန ရွှေဖီမြေသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့အရပ်သားတွေ ဆက်တိုက်မြှင့်တက်နေပြီးတော့ လက်ရှိမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား နှစ်သန်း ခြောက် သိန်း အထိရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button