သတင်း

ပူတာအိုမှာ သားအဖနှစ်ယောက်စကားများရာက‌နေ နှစ်ဦးလုံး ဓာတ်ဆီလောင်းပြီး မီးလောင်သေဆုံး

ကချင်ပြည်နယ် ပူတာအိုမြို့လုံးစွတ်ရပ်ကွက်မှာ သားအဖချင်းစကားများရန်ဖြစ်ရာကနေ ဓာတ်ဆီနဲ့လောင်းမီးရှို့လို့ သားအဖနှစ်ယောက်လုံးသေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ လုံးစွတ်ရပ်ကွက်က သူတို့နေအိမ်မှာပဲ သားအဖနှစ်ယောက် ရန်ဖြစ်စကားများရာမှဖြစ်ပွားခဲ့တာဖြစ်ပြီး အခြေနေအသေးစိတ်ကို လုံးစွတ်ရပ်ကွက်နေ ဒေသခံ တစ်ယောက်က အခုလိုပြောပါတယ်။

အဲ့နေ့တုန်းက သူ့သားကအပြင်ကနေအရက်သောက်လာတာ အရက်လည်းအရမ်းမူးနေတယ် အရက်မူးမူး နဲ့ အိမ်ထဲဝင်လာပြီး သူ့အဖေနဲ့ အခန်းထဲမှာစကားများကြတာတဲ့ စကားများကြရင်းနဲ့သူ့အဖေကို ဓာတ်ဆီ အရင်လောင်းတာတဲ့ အဲ့လိုကြားတာပဲ အခန်းထဲမှာတော့ဘယ်သူမှမရှိဘူးလေ ဆေးလိပ်မီးနဲ့စလောင်တယ် လို့လည်းပြောတယ်လို့ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ မြစ်ကြီးနားမြို့ကနေ ပူတာအိုကိုလာရောက်နေထိုင်သူတွေဖြစ်ပြီး လုံးစွတ်ရပ်ကွက်ရဲ့ တိုင်းကျော်ဓာတ်ဆီဆိုင်ရှေ့က Top One ဖုန်းဆိုင်ပိုင်ရှင်မိသားစုဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဖခင်ဖြစ်သူ အသက်၆၅ နှစ်အရွယ် ဦးအောင်ဝင်းနဲ့ သားဖြစ်သူ အသက် ၃၂ နှစ် ဦးအောင်ချမ်းမြေ့ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

 ဖခင်ဖြစ်သူ ဦးအောင်ဝင်းကတော့ အခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးခဲ့တာဖြစ်ပြီး သားဖြစ်သူ ဦးအောင်ချမ်း မြေ့ဝင်းကတော့ ဆေးရုံအရောက်မှာသေဆုံးခဲ့တာလို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button