သတင်း

တရုတ်ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

၁၀၂၇ စစ်ဆင်ရေအဖြစ်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ မြို့နယ်တွေကို လေကြောင်းကနေရော မြေပြင်ကနေပါ တိုက်ခိုက်မှုတွေရှိနေတဲ့ အတွက် ပိုက်လိုင်းပေါက်ကွဲမှုတွေဖြစ်လာမှာကို အရပ်သားတွေစိုးရိမ်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကပစ်မှတ်နေရာဟာ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့မြို့နယ်တွေဖြစ်သလို ပိုက်လိုင်းဖြတ်သွားရာမြို့တွေဖြစ်တဲ့ နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မန္တလေးမူဆယ် အဝေးပြေးလမ်း တစ်လျှောက် နဲ့ နမ့်ခမ်းမြို့တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ညီနောင် ၃ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန် နေတာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လေကြောင်းရော၊ မြေပြင်ကနေပါ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေ လုပ်နေပြီး တိုက်ခိုက်မှုတွေဟာ ပိုက်လိုင်းရှိတဲ့နေရာတွေနဲ့အနီးဆုံးမှာ ပေါက်ကွဲမှုတွေရှိနေတယ်လို့ SHRF ရဲ့ တာဝန်ရှိသူ ယိင်းလျန်းဟန်ကပြောပါတယ်။

ရှမ်းမြောက်တစ်ခုလုံးမှာတိုက်ပွဲတွေဖြစ်နေတာတော့ရှိတယ် ဒါပေမဲ့ စစ်ကောင်စီဘက်က ဗုံးလာကြဲတဲ့ နေရာတွေက ဓာတ်ငွေ့ပိုက်လိုင်းနဲ့အရမ်းနီးနေတယ်ပေါ့နော် ဒါ့ကြောင့်မို့ဒေသခံတွေကလည်းစိုးရိမ်ချက် တွေ ရှိနေတယ် ဒါ့ကြောင့်လည်းထုတ်ပြန်ဖြစ်တာ ပိုက်လိုင်းတွေသာပေါက်ကွဲရင် လူနေအိမ်တွေနဲ့ ထိခိုက်မှု အတိုင်းအတာကိုပြောလို့မရဘူး စဥ်းစားလို့မရနိုင်ဘူး လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့အထိကို ပိုက်လိုင်းရှိရာမြို့တွေဖြစ်တဲ့နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်တွေက အရပ်သား ၂၇ ယောက်သေဆုံးခဲ့ရပြီး ၃၃ ယောက် ဒဏ်ရာ ရရှိခဲ့သလို အဆောက်အဦး ၁၆၀ ကျော်ပျက်ဆီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်ထဲပါရှိတဲ့ နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေအပြင် နမ္မတူမြို့နယ်မှာ လည်း တိုက်ပွဲတွေဆက်ဖြစ်တာတွေရှိနေပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာအစောပိုင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ကောင်စီတွေ့ဆုံချိန်မှာလည်း တရုတ်မြန်မာရထားလမ်းစီမံကိန်းတွေစမယ်ဆိုပြီး ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဓိကကတော့ တရုတ်ဘက်ကို ကျမတို့အသိပေးချင်တာက ဒီလိုမျိုးနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ စစ်ကောင်စီအုပ်ချုပ်နေတဲ့ကာလမှာ စစ်ကောင်စီကိုတော်လှန်သူကရှိနေမှာပဲ ဒါ့ကြောင့် အထူးသဖြင့် ရှမ်းမြောက်မှာ ဒီလိုကာလအတွင်း စီမံကိန်းတွေကို စတာမှားယွင်းတယ်လို့ ကျမတို့က ယူဆတယ် ဖြစ်နိုင်ရင် ဖက်ဒရယ်ဒီမိုကရေစီရမှသာ စီမံကိန်းတွေကိုလုပ်သင့်တယ်လို့ပြောချင်တယ်လို့ SHRF တာဝန်ရှိသူ ယိင်းလျန်းဟန်ကပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေဟာ ပြီးခဲ့တဲ့ အဲ့ဒီစီမံကိန်းစတင်းကတည်းက ပိုက်လိုင်းယိုစိမ့် တာနဲ့ ပေါက်ကွဲမှုတွေဖြစ်မှာကို စိုးရိမ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတာလည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button