သတင်း

သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်း

မြန်မာသတင်းမီဒီယာသမားများ လုံခြုံရေးနဲ့အကာအကွယ်ရရှိနိုင်ရေးအတွက် ‘လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ’ Independent Press Council – Myanmar (IPCM)ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်နေရာမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမားတွေဟာ အဆိုးရွားဆုံးအချိန်ကာလကို ကြုံတွေ့နေရတာကြောင့် ဘေးကင်းလုံခြုံရေးနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာသတင်းမီဒီယာတွေက သိရှိအောင် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ IPCM  ဥက္ကဋ္ဌ နန်းဖော့ဂေ က KNG ကိုပြောပါတယ်။

“လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအားလုံးကို ကိုယ်စားပြုတဲ့ မီဒီယာမဟုတ်တဲ့အတွက်ကြောင့် အခုလိုဖွဲ့စည်းလိုက်တာဖြစ်တယ်။ ပြီးရင် စစ်ကောင်စီလက်အောက်မှာ သတင်းမီဒီယာတွေ မတရားဖမ်းဆီးထိန်းသိမ်ခံရတာအများကြီးရှိတယ်။ တာတွေကို ဘေးကင်းလုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းလိုက်ရတာဖြစ်တယ်”လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်မှာ ရှိနေတဲ့ သတင်းမီဒီယာ စစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် ကိုယ်စားပြုခြင်းမရှိတာကြောင့် ကိုယ်စားပြုမယ့် IPCM ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

သတင်းမီဒီယာကောင်စီ IPCM ဖွဲ့စည်းလိုက်တဲ့ ညီလာခံပွဲမှာ IPCM ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး အမှုဆောင်ကော်မတီဝင် ၁၅ ဦးထဲကနေ ၁၀ ဦးကို ဥက္ကဋ္ဌ ၊ ဒု- ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ ဒု – အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးအပါအဝင် အဆင့်ဆင့်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းလိုက်တဲ့ IPCM ညီလာခံမှာ လက်ရှိ မတရားဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အခုလို ပြောဆိုထားတာဖြစ်ပါတယ်။

“ဒီကနေ့ ဆွေးနွေးတဲ့ထဲမှာ သတင်းသမားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ ရှေးလုပ်ငန်းထဲမှာ အဓိက ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဆွေးနွေးချက်ထဲမှာက အရေးပေါ်ရံပုံငွေတစ်ရပ်ထူထောင်ပြီးတော့ ပြည်တွင်း၊ ပြည်ပထဲက သတင်းသမားတွေ၊ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းသမားတွေကို ထုတ်ပြန်ချက်တစ်ခုထဲမဟုတ်ဘဲ ဘယ်လိုဆောင်ရွက်ပေးရမလဲ။ လူမှုရေးကစ္စတွေအစ ဘယ်လိုဖြေရှင်းပေးရမလဲ ဆွေးနွေးခဲ့ကြပါတယ်”လို့ ပြောပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးခံရမှုကြောင့် အကျဉ်းချုပ်နှောင်ခံထားရတဲ့ သတင်းသမားတွေနဲ့ ပြည်တွင်းကနေ နယ်စပ်ဒေသတွေမှာ လုံခြုံမှုမရှိဘဲ ခက်ခက်ခဲခဲ တိမ်းရှောင်နေတဲ့ သတင်းသမားတွေကို ရှေ့လုပ်ငန်းစဉ်ထဲ လက်တွေ့ကျတဲ့ ကူညီစောင့်ရှောက်မှုများ လုပ်ပေးသွားဖို့ ညီလာခံကနေ ဝိုင်းဆုံးဖြတ်ထားတာဖြစ်တယ်လို့ပြောဆိုပါတယ်။

လွတ်လပ်သော သတင်းမီဒီယာကောင်စီဖွဲ့စည်းမှုကို စစ်ကောင်စီလက်အောက်မှာ မရှိတဲ့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၊ တိုင်းရင်သားသတင်းမီဒီယာများနဲ့ ဒေသအခြေစိုက် သတင်းမီဒီယာများ ၃၇ ခုက ကိုယ်စားလှယ်များ ၇၇ ယောက်က တက်ရောက်ပြီး သဘောတူ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီညီလာခံပွဲမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းမီဒီယာသမားတွေ ချွင်းချက်မရှိလွတ်ပေးရေးနဲ့ လက်ရှိဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီတစ်ခုသာ လွတ်လပ်သော သတင်းမီဒီယာအားလုံးရဲ့ ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ စစ်ကောင်စီလက်အောက်မှာ ရှိတဲ့ သတင်းမီဒီယာကောင်စီမှာ တရားမဝင် ကောင်စီဖြစ်တယ်လို့လည်း ဝိုင်းဝန်းဆုံးဖြတ်ခဲ့ကြတယ်လို့ ညီလာခံအပြီးမှာ ထုတ်ပြန်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တတိယအပတ်မှာ ပထမအကြိမ် ညီလာခံပြုလုပ်ကျင်းပခဲ့ပေမယ့် မပြီးပြတ်ခဲ့တာကြောင့် ယခုအခါကျင်းပတဲ့ ဒုတိယအကြိမ် ညီလာခံမှာ အတည်ပြုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အခုလို ‘လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ’ဖွဲ့စည်း ဖြစ်ပေါ်လာရန်အတွက် ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်မှာ ကျင်းပတဲ့ အဋ္ဌမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ အဆိုပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

ညီလာခံဖြစ်မြောက်ဖို့ရန်အတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ မီဒီယာများရဲ့ အခန်းကဏ္ဍအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ မြန်မာသတင်း(Burma News International) က ဦးဆောင်ပြီး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button