သတင်း

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်များ ပြုပြင်ဖို့ ကူညီလိုအပ်နေ

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မံစီမြို့နယ် အောင်နန်ကျေးရွာက စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ဖို့ အကူညီတွေလိုအပ်နေတယ်လို့ အောင်နန်မူလွန်‌ကျောင်းတာဝန်ရှိသူ‌‌တွေဆီကနေ သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို ကျောင်းသားမိဘများနဲ့ရပ်ရွာတာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့ဇွန်လ လကုန်ပိုင်းမှာ ယာယီ‌အနေနဲ့ပြန်ပြီး ပြုပြင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကျောင်းဆောင်များကို သေချာဆောက်လုပ်နိုင်ခြင်းမရှိသေးတာကြောင့် သင်ကြားရေးပိုင်းမှာ အခက်အခဲတွေရှိနေပြီး ကျောင်းဆောင်ပြုပြင်ဖို့ လိုအပ်နေတာလို့ ကျောင်းအုပ်ဆရာမကြီးက ခုလိုပြောပါတယ်။

မပြင်နိုင်သေးဘူး၊ သွပ်မိုးတွေကိုလည်း အရင်အဟောင်းကနေဘဲ ယူပြီးလုပ်ထားတာ ဆိုတော့ မိုးရွာရင် မိုးတွေယိုတယ်။ ပြီးတော့ စာသင်ရင်လည်းအခန်းတွေက ကျဉ်းတော့ ဒီဘက်က သင်ရင် နောက်တစ်ခန်းက ကြားနေရတယ်။ နှစ်ခန်းသုံးခန်းလောက် စာအော်သင်နေရင် ကျန်တဲ့ အခန်းတွေက လုံးဝသင်လို့မရတော့ဘူး၊ အဲ့လိုတွေနဲ့ဘဲ ဆက်သွားနေကြရတာပေါ့ လို့ပြောပါတယ်။

လက်ရှိကျောင်းဆောင်မှာ အရှည်လိုက်တန်းလျား ၈ ခန်းဆောက်လုပ်ထားတာဖြစ်ပြီး တစ်ခန်းကို ၁၀ ပေပတ်လည်လောက်သာရှိပြီးတော့ KG တန်းကနေ ၆ တန်းထိ ကျောင်းသားစုစုပေါင်း ၄၃ ယောက် ရှိတယ်လို့ သိရပါတယ်။

ကျောင်းသား၊သူတွေအတွက် လိုအပ်တဲ့ စာအုပ်၊ ဘောပင်နဲ့ ကျောင်းသုံးစာရေးကရိယာတွေအပြင် ကျောင်းဆောင် အမြန်ဆုံးပြုပြင်နိုင်ဖို့ကို လည်း ကူညီပေးစေလိုတယ်လို့ တောင်းဆိုထားပါတယ်။

အောင်နန်ရွာက ကျောင်းသား၊သူတွေဟာမြို့‌ကျောင်းတွေမှာ သွားရောက်တက်ဖို့ကလည်းငွေကြေးမတတ်နိုင်တာကြောင့် ကျေးရွာမှာဘဲအဆင်ပြေသလို သင်ကြားနေရတာဖြစ်တယ်လို့လည်း ကျောင်းအုပ်ဆရာမကြီးက ဆက်ပြောပါတယ်။

တစ်ခြား ဝေးတဲ့နေရာမှာ သွားမယ်ဆိုရင်လည်း ကျွန်မတို့က တောင်ပေါ်ရွာလည်းဖြစ်တော့ ငွေကြေးလည်းခက်တော့ ကိုယ့်ရပ်ရွာမှာဘဲ ဖြစ်သလို သင်နေကြတာပေါ့၊ ပြီးရင် သွားရေးလာရေးအတွက်ကလည်း ဆီဈေးတွေက တက်နေတာနဲ့ အခုဆို တစ်လီတာတစ်ဘူးကို ၈၀၀၀ လောက်ကျနေတယ်လို့ပြောပါတယ်။

မိုးမောက်မြို့ကနေ မိုင် ၂၀ ဝေးတဲ့ အောင်နန်ကျေးရွာ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး အိမ်ထောင်စု ၃၇ စုနဲ့ လူဦးရေ ၂၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button