သတင်း

တာလောကြီးနယ်က ပြည်သူ့စစ်တွေအားလုံး KIA ထံ လက်နက်ချအညံ့ခံဖို့ သတိပေး

မြစ်ကြီးနားမြို့နယ် တာလောကြီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်လာအပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ တာလောကြီးပြည်သူ့စစ်စခန်းကို KIA နဲ့ PDF တပ်ဖွဲ့တွေ စခန်းဝင်ရောက်သိမ်းချိန် စခန်းအတွင်းရှိမနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အမြောက်အများကျန်ရှိနေသေးတာကြောင့် တာလောကြီးနယ်တစ်ဝိုက်ရောက်ရှိနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ KIA ထံလက်နက်လာအပ်ဖို့ ပြောဆိုထားတာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက KNG ကချင်သတင်းဌာနကို ပြောပါတယ်။

စခန်းသိမ်းတုန်းက စခန်းထဲမှာ အင်အားနည်းနည်းပဲရှိနေတယ်လေ။ အပြင်ဘက်ရောက်နေတဲ့သူတွေများတယ်။ အခုအဲ့ဒီ လယ်ထဲ၊ ခြံထဲ ၊ အခင်းတွေထဲ ရောက်နေတဲ့ ပြည်သူ့စစ်တွေကို လက်နက်လာအပ်ဖို့ ပြောထားတာပေါ့ဟု တာလောကြီးဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တွေအနေနဲ့ ကျေးရွာလူကြီးတွေကတစ်ဆင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်လာအပ်ကြဖို့ အကြောင်းကြား ပြောဆိုထားတာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ တာလောကြီးစခန်းသိမ်းတုန်းက ပြည်သူ့စစ်တပ်သား ၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိအဲ့ဒီဖမ်းဆီးရမိတဲ့သူတွေကို KIO ဌာနချူပ်ကို ပို့လိုက်ပြီဖြစ်ကြောင်း နီးစပ်သူဒေသခံတွေထံကနေ သိရပါတယ်။  

ဒီနောက်ပိုင်း တာလောကြီးက ပြည်သူ့စစ်တွေက ပြည်သူ့စစ်မလုပ်ချင်လာတဲ့စိတ်များတယ်။ ဒါပေမဲ့ စစ်တပ်က ဒါကို ဖျက်သိမ်းပေးမှုတော့ မရှိတာကြောင့် သူတို့က အလှည့်ကျ ဒီဂိတ်ကို စောင့်ကြတာပေါ့။ အလှည့်မကျတဲ့သူကတော့ ကိုယ့်လယ် ကိုယ့်ခြံမှာ အလုပ်ပြန်သွားဝင်ပြီး ကိုယ့်အလှည့်ပြန်ရောက်ရင်တော့ ဂိတ်ကိုပြန်လာစောင့် ၊ အေအဲ့လိုနဲ့ လုပ်နေကြတာဟုတ်တယ်။ လို့ တာလောကြီးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

တာလောကြီးစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က တာလောကြီးတဝိုက်ကို လေကြောင်းနဲ့ မကြာခဏ လာရောက်ပစ်ခတ်တာတွေ ရှိနေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း တာလောကြီးအနီး ဆင်ဘိုမြို့နယ်ခွဲ ဆွမ်ဒူကျေးရွာကို စစ်တပ်လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ တာလောကြီးတဝိုက်က ဒေသခံပြည်သူတွေအနေနဲ့ မြစ်ကြီးနားဝိုင်းမော်တွေဘက်ကို စစ်ရှောင်ချင်ပေမဲ့ လမ်းကြောတွေ ပိတ်ပင်ထားတာကြောင့် ကျေးရွာထဲမှာပဲ သတိနဲ့ဆက်လက်နေနေကြရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုက ရွာထဲမှာ တချို့က စိုးရိမ်လို့ တိမ်းရှောင်ချင်တာရှိတယ် ဒါပေမဲ့ လမ်းပိတ်ထားတာကြောင့် သွားလို့မရဘူးပေါ့။ တချို့ကတော့ မရှောင်ချင်လို့ မရှောင်ဘူး။ တချို့ကတော့လည်း လယ်တောထဲ အခင်း၊ ယာတဲတွေထဲ သွားပုန်းရှောင်နေတာလည်းရှိတယ်။ မြို့ဘက် စစ်ရှောင်ချင်ရင်လည်း လမ်းတွေပိတ်ထားတယ်လေ။ အခြေအနေပေါ်မူတည်ပြီးပဲ နေနေကြရတာပေါ့။ လို့ တာလောကြီးဒေသခံကပြောပါတယ်။

တာလောကြီးကို KIA သိမ်းပိုက်လိုက်ပြီးနောက် ဝိုင်းမော်တာလောကြီး လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာနေတာဖြစ်ပါတယ်။

တာလောကြီးကျေးရွာဟာ ဝိုင်းမော်ဘက်ခြမ်း ဧရာ၀တီမြစ်ကမ်းနံဘေးက ကျေးရွာကြီးတစ်ခုဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၁၅၀၀ ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button