သတင်း

မြေစာစွန့်ပစ်မှုကြောင့် နွံကန် ရေများလျှံကျနေ

ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စု ၊ မမုံကျေးရွာမှာမြေစာစွန့်ပစ်ရာက‌နေ နွံကန်အောက်ခြေမှာရှိတဲ့ ရေနဲ့နွံများလျှံကျနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

မနေ့ညကစပြီး ရေတွေရွာထဲဝင်လာခဲ့တာပေါ့၊နွံတွေလည်း လျှံတက်လာခဲ့တယ်လို့ မမုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိ မမုံကျေးရွာလမ်းမကြီးတစ်လျှောက် ရေလျှံတာ‌တွေ ဖြစ်ပေါ်နေပြီး၊ ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းဝင်းနဲ့ ကိုယ်ထူကိုယ်ထကျောင်းဝင်းအတွင်းမှာ ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေစာပုံအောက်ခြေရှိ နွံများလျှံတက်နေပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်များအထိ နွံများရောက်ရှိနေပြီး အန္တရာယ်ရှိနေတယ်လို့ ကျေးရွာသားတစ်ဦးက အခုလိုပြောပါတယ်။

အခုက ညတောင်ကောင်းကောင်း မအိပ်ရဲဘူး၊ နွံတွေက ပျော်ကြနေလို့လေ၊ အိမ်ကိုဖုံးသွားမှာ စိုးရိမ်နေရတယ်လို့ မမုံကျေးရွာသားတစ်ဦးက ဆိုပါတယ်။

မမုံကျေးရွာအတွင်း ခုလိုရေလျှံခြင်း၊နွံကန်လျှောကျမယ့် အန္တရာယ်များအား ဒေသခံများ စိုးရိမ်နေကြပြီး၊သက်ဆိုင်သူများအနေနဲ့ ပြည်သူများ ရေဘေးအန္တရယ်ကင်းအောင်ဆောင်ရွက်ပေးဖို့ ကျေးရွာဒေသခံများ လိုလားနေကြပါတယ်။

စွန့်ပစ်မြေစာပုံဟာ မမုံကျေးရွာရဲ့ ရွာထိပ်မှာတည်ရှိနေတာဖြစ်ပြီး အမြင့်ပေ (၆၀၀)နီးပါးမြင့်ပြီး မြေစာပုံမှာဧကတစ်ရာနီးပါးရှိတယ်လို့ သိရပါတယ်။

အဲဒီမြေစာပုံကို ဒီနှစ် အောက်တိုဘာလ မှစတင်ပြီး မနကျေးရွာအနီးရှိ  ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်က‌နေ မြေစာများ လာရောက်စွန့်ပစ်နေတာဖြစ်တယ်လို့ သိရပြီး၊မည်သည့်ကုမ္ပဏီ၊အဖွဲ့အစည်း ဆိုသည်ကိုတော့ တိတိကျကျမသိရသေးပေ။

မမုံကျေးရွာဟာ ဖားကန့်ကျောက်စိမ်းမှော်ဒေသရဲ့ အထူးစည်ကားတဲ့ စံပြကျေးရွာကြီး အဖြစ်တည်ရှိပြီးအိမ်ခြေတစ်ထောင်ကျော်၊ လူဦးရေ နှစ်သောင်းနီးပါးနေထိုင်နေကြောင်းသိရပြီး၊ ကျေးရွာမှာ နှစ်ရာချီ သက်တမ်းရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီနှစ် ဩဂုတ်လ ၁၄ ရက်နေ့က မနမှော်မှာမြေစာပြိုကျပိမိပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၄ ဦးသေဆုံးခဲ့သလို၊နှစ်စဉ်နှစ်တိုင်း မြေပြိုကျလို့ ပိမိရာကနေ လူရာနှင့်ချီသေဆုံးနေကြောင်း ဒေသန္တရ မှတ်တမ်းများအရ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်မှာ အောက်တိုဘာလမှစတင်ပြီး နောက်နှစ်မေလအထိ ကျောက်စိမ်းတူးဖော်ရေးကာလ(ရာသီချိန်)ဟု ခေါ်ဆိုကြပြီး မှော်ဒေသအသီးသီးတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပါတယ်။

By – NY

Show More

Related Articles

Back to top button