သတင်း

ဗန်းမော်မှာ ကျပ်သိန်း ၁၆၀ ‌ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ပြည်သူ ၂ ဦးဆီကနေ ကာလတန်ဖိုးကျပ်သိန်း ၁၆၀ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ဗန်းမော်မြို့ သာစည်ရပ်ကွက် ဂျူဗလီလမ်းဘက်ကို ကိုခန့်ညားကျော် မောင်းနှင်းပြီး မလေပြေနွေးနွေးဆိုသူ လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တားမြစ်စစ်ဆေးရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားဟာ ၇၈၀၀ ပြားရှိပြီး ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၆ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့ ဖမ်းဆီးရမိတာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ အသက် ၂၂ နှစ်အရွယ်ကိုခန့်ညားကျော်နဲ့ အသက် ၃၉ နှစ်အရွယ် မလေပြေနွေးနွေးတို့ကို ဗန်းမော်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဗန်းမော်မြို့အပါအဝင် မြို့နယ်အနှံ့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာနေကြတဲ့အပြင် ခိုးဆိုးလုယက်မှုတွေကလည်း ပိုဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ ဥပဒေစိုးမိုးမှုမရှိတော့တဲ့နောက်ဆက်တွဲရလဒ်တွေဖြစ်တယ်လို့ ဗန်းမော်မြို့မှာနေထိုင်ပြီး အာဏာမသိမ်းခင် မူးယစ်ဆေးဝါးတိုက်ဖျက်‌ရေးလုပ်ငန်း‌တွေမှာ ပါဝင်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက ခုလိုပြောပါတယ်။

“အာဏာမသိမ်းခင်ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့အာဏာရှိတဲ့သူတွေကလည်း ဖမ်းပြီးအရေးယူတာတွေရှိတယ်။ ပြီးတော့ ကျနော်တို့အဖွဲ့ကနေ မူးယစ်ဆေးဝါးဖြတ်ချင်တဲ့သူတွေကို ကူညီပေးတာတွေရှိတယ်။ အဲတုန်းက ဒီလောက်မဆိုးဘူး ခုက ဘယ်သူမှဘာမှမလုပ်ကြတော့ ပိုဆိုးလာနေတယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ကာလတန်ဖိုး သိန်းပေါင်း ၁၄၁၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး‌တွေကို ဖမ်းဆီးရမိကြောင်း CCDAC Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အလားတူ ကချင်ပြည်နယ်မှာ ၂၀၂၂ခုနှစ်ကနေ ၂၀၂၃ မေလအထိ ကာလတန်ဖိုး ၆၈၃.၃၃၈ သန်းရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးရမိကြောင်း ကချင်ပြည်နယ် စစ်ကောင်စီအစိုးရကလည်း ဒီနှစ် ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ အများဆုံး နန့်စီးအောင်ဂိတ်နဲ့ မိုးကောင်း၊ ဒုတိယအများဆုံး ဖားကန့် နဲ့ ဝိုင်းမော်၊ တတိမှာ မြစ်ကြီးနား၊ဗန်းမော်မြို့တို့ဖြစ်တယ်လို့ သိရပါတယ်။

ကျမတို့ ဝိုင်းမော်မှာက မူးယစ်ဆေးသုံးပြီး နာမည်ထွက်တဲ့သူတွေဆို KIA ဘက်က လာဖမ်းခေါ်သွားတာလည်းရှိတယ်။ ဒါပေမယ့် မကုန်နိုင်ဘူး တစ်အိမ်တစ်ယောက်နှုန်းကို သုံးနေကြလားမသိလို့ ဝိုင်းမော်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုပထမဆင့်နိုင်ငံအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့UNODC က ဒီဇင်ဘာလမှာဘဲ ထုတ်ပြန်ထားပါတယ်။

 By – ဇမီ

Show More

Related Articles

Back to top button