သတင်း

လုံရှာယန်ရွာအလယ်ခေါင်မှာ စစ်တပ်ကတပ်စွဲနေထိုင်ဖို့ စခန်းတည်ဆောက်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ရွာမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်ဖို့ စခန်းပြန်ပြီးဆောက်နေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ပူတာအိုကနေ စစ်ကား ၂စီး စစ်အင်အား ၆၀ လောက်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ အင်ခါးဂါးကနေဆင်းလာတဲ့ စစ်ကောင်စီတပ်တွေဟာ လုံရှာယန်ရွာမှာဝင်ရောက်ပြီး စခန်းပြန်ဆောက်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

 ပူတာအိုကနေ ကား စီးအပြည့်နဲ့ရောက်လာပြီး လုံရှာယန်မှာနားပြီး ဒီလမ်းတစ်ကြောနေရာယူထားတယ်။ အဲ့ဒီမှာ အင်ခါးဂါးကနေ ပြန်လာကြတဲ့ စစ်တပ်အားလုံးလည်း လုံရှာယန်မှာဟုတ်တယ်။ ရွာသားတွေရဲ့နေအိမ်တွေထဲ နေနေကြတယ်။ အခုက လုံရှာယန်ချောင်းအနီး လုံရှာကောင့်ပေါ့ အဲ့ဒီကုန်းမှာ သစ်စက်ရုံကနေ သစ်တွေအော်ဒါအမြန်နည်းနဲ့မှာထားပြီး စစ်တပ်တည်ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်နေတယ်။ ဒီတလောက ရှင်းလင်းရေးတွေလုပ် မီးတွေရှို့ပြီး တချို့က အဲ့ဒီကုန်းမှာအိပ်တယ်ထင်တယ်။” 

အဲဒီ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာဘဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးပေးခဲ့တဲ့အတွက် စခန်းစွန့်ခွာသွားကြပေမယ့် တစ်နှစ်ကျော်အကြာ ဒီဇင်ဘာလကနေစပြီး  ပြန်ပြီးစခန်းချနေထိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီစခန်းနေရာတွေမှာ ဘတ်ဖိုးတွေနဲ့ မြေတူးတာတွေ မြေနေရာညှိတာတွေလုပ်ဆောင်နေပြီး ဘန်ကာဆောက်လုပ်ဖို့အထိ ပြင်ဆင်နေကာ သစ်စက်နေသစ်တွေကို အရေးတကြီးမှာယူတာတွေအပြင် ဝါးတွေကိုလည်း ရှာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခုလို တပ်စခန်းပြန်တည်ဆောက်နေချိန် စစ်ကောင်စီတပ်သားတွေဟာ ရပ်ရွာထဲ အရပ်သားသားတွေနဲ့နေအိမ်တွေမှာ ဝင်ရောက်တည်းခိုတာအပြင် စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာလည်း တပ်စွဲနေထိုင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့လုံခြုံရေးအတွက် ရွာပတ်ပတ်လည် နေ့ည ဒရုန်းအသုံးပြုပြီး ကင်းထောက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

အခုသူတို့ပြန်လာပြီး တပ်တွေဆောက် မြေတွေတူးဖော် မြေတွေညှိပြီး အကြီးအကျယ် မှန်အကန်လုပ်နေကြတယ်။ ဒါကြောင့် အခုကျနော်တို့ ဒေသခံပြည်သူတွေတောင် စိုးရိမ်နေတယ်။ သူတို့အဲ့မှာပြန်ထိုင်လို့ကတော့ ရွာထဲ တိုက်ပွဲတော့ ပြန်ဖြစ်တော့မယ်ဆိုပြီး စိုးရိမ်နေကြတာပေါ့။ လုံရှာယန်မှာ သူတို့အမာခံ တပ်စွဲဖို့ နေရာပြန်ချနေတာပေါ့လေ။ သူတို့လုပ်နေတာကိုကြည်ရင်တော့ စီမံကိန်းကြီးနဲ့ဖြစ်ပုံရတယ်။ ဘတ်ဖောတွေသုံးပြီး မြေတွေတူးနေကြတာ။ သူတို့က အကာအကွယ်ယူချင်လို့ပေါ့။ မူလာရှီးဒီးဂိတ်တို့လိုဟာမျိုးတွေကို အကာအကွယ်ယူချင်လို့ ဒီမှာနေရာပြန်ယူတာပေါ့။ ဒီမှာက ရွာသားတွေလည်း ကချင်တိုင်းရင်းသားတွေပဲဆိုတော့ သူတို့အတွက် အကာအကွယ်ကောင်းလည်း ဖြစ်သွားတာပေါ့။ သူတို့ရဲ့ ပူတာအိုခံတပ်ရဲ့ ရှေ့တန်းအကာအကွယ်ပေးစခန်းအဖြစ် လုပ်နေတာပေါ့။

 လက်ရှိ စစ်တပ်ဘက်က စခန်းပြန်တည်ဆောက်နေတဲ့နေရာဟာ လုံရှာယန်ကျေးရွာ ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ဘုရားရှိခိုးကျောင်းတွေရဲ့အလယ်မှာ ဆောက်လုပ်နေတဲ့အတွက် တိုက်ပွဲဖြစ်လာမယ်ဆိုရင် ဒေသခံတွေအထိနာမယ့်အခြေနေရှိနေတဲ့အတွက် ဒေသခံတွေစိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်နဲ့လုံရှာယန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံတွေဟာ တော၊တောင်တွေမှာ နှစ်လကြာထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာပြန်ပြီး နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

လက်ရှိ ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့အထိုင်ချစခန်းတွေဟာ ဆွမ်ပရာဘွမ်တပ်စခန်း၊ဆွမ်ပီယန်တပ်စခန်း၊လုံရှာယန်တပ်စခန်းနဲ့ မူလာရှီးဒီးဂိတ်တွေဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button