သတင်း

လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ

စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေတယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး လဟယ်မြို့နယ်မှာရှိတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအဓ္ဓမအခြေခံစစ်သင်တန်းပေးခဲ့ရာကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ Non-CDM တွေကို သင်တန်းဆင်းပေးပြီး နောက်ထပ် လဟယ်မြို့နယ်မှာရှိတဲ့ ရပ်ကျေးထဲက လူငယ်တွေကို ဒုတိယအသုတ်အနေနဲ့ စစ်သင်တန်းထပ်ပေးနေတာဖြစ်တယ်လို့ လဟယ်မြို့ခံတစ်ဦးက ပြောပါတယ်။

ဝန်ထမ်းတွေက ပြီးသွားဘဲ ခုနောက်ထပ်လူငယ်တွေကို ပြန်ပေးနေတယ်လို့ သိရတယ်။ ခုရပ်ကျေးထဲက လူငယ်တွေ တစ်နေ့ကို နေ့စားခ ၇၀၀၀ ပေးပြီး စစ်သင်တန်းပေးနေတာလို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပထမအသုတ် Non-CDM ဝန်ထမ်းတွေကိုလည်း စစ်သင်တန်းတက်ချိန် တစ်ဦးကို နေ့တွက်စား တစ်ရက် ကျပ် ၇၀၀၀ ပေးခဲ့သလို လက်ရှိထပ်ပြီးစစ်သင်တန်းပေးနေတဲ့လူငယ်တွေကို နေ့စားခ ၇၀၀၀ ပေးပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ခုလို ဝန်ထမ်းတွေနဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ အဓိကဖိအားပေးနေသူဟာ နာဂဒေသစစ်ကောင်စီအတွင်းရေးမှူး နေမင်းသူနဲ့ လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်က တပ်ရင်းမှူးတို့ဖြစ်ပြီး စစ်သင်တန်းကိုလည်း ခလရ ၂၇၂ တပ်ရင်းမှာ သင်တန်းပေးနေတာလို့ ဆိုပါတယ်။ 

ခုက ရပ်ကျေးအဆင့်စတာ လူငယ်တွေက တစ်ချို့ကျတော့မသွားချင်လည်း သွားရတဲ့အနေထားမှာရှိနေတယ်။ တစ်ချို့ကျတော့ နေ့စားရလို့သွားတာလည်းရှိပါတယ်။ခုကျနော်တို့ကြားရတာ လူငယ်တွေလည်း ၁၀၀ လောက်ရှိတယ်ပြောတယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ဘက်မှာက စစ်တပ်ကသူလုပ်ချင်သလိုလုပ်နေတာလို့ ပြောပါတယ်။

အခုလိုစစ်သင်တန်းတွေအတင်းဖိအားပေး တက်ရောက်ခိုင်းနေတာနဲ့ပတ်သက်ပြီး သင်တန်းပြီးမြောက်သူတွေကို ဘယ်လိုအသုံးချမှုတွေပြုလုပ်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ပြောပြတာမျိုးမရှိဘူးလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက လဟယ်မြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်ခုဖြစ်တဲ့အလားတူ စစ်အာဏာသိမ်း ကာလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ နာဂလက်နက်ကိုင်တပ်၊ PDF တွေကြားတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

By – Zami

Show More

Related Articles

Back to top button