သတင်း

ဝိုင်းမော်ဒေသခံ ၂ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တွေက အမျိုးသား ၂ ယောက်ကို အတင်းအဓမ္မ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် ဒီကနေ့ နံနက်ပိုင်း ၈ နာရီလောက်မှာ မနက်စျေးထဲ ဦးလရှီးနော်လွန်ဆိုသူကို ပြည်သူ့စစ်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အောင်မြေ(၁)ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“မနေ့ညက တစ်ယောက် ၊ ဒီကနေ့ မနက်စျေးမှာ တစ်ယောက် ဖမ်းဆီးခံရတဲ့သူ ၂ ယောက်ရှိသွားပြီ။ ဘာလို့ ဖမ်းဆီးသွားကြလဲတော့မသိဘူး။ ကြားရသလောက်က KIA နဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောပြီးတော့ ဖမ်းဆီးသွားတယ်လို့ ပြောနေကြတယ်”လို့ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ ဒီဇင်ဘာလ ၂၇ ရက် မနေ့ည ၇ နာရီလောက်မှာလည်း ထုန်းရှိန်နူးတိန့်ဆိုသူကို နေအိမ်အတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးခံရတဲ့ အမျိုးသား ၂ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ၂ ယောက်ထဲကနေ ထုန်းရှိန်နူးတိန့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးကို ပို့လိုက်ပြီလို့ သိရပြီး မနက်စျေးမှာ ဖမ်းဆီးခံရတဲ့ ဦးလရှီးနော်လွန်ကို အောင်မြေ(၁) ပြည်သူ့စစ်စခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဲဒီ ဖမ်းဆီးခံရတဲ့ အမျိုးသား ၂ ယောက်ဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ ဆက်နွယ်ပတ်သက်မှုမရှိသလို ဒေသအတွင်း မိသားစုကို အသက်မွေးဝမ်းကြောင်းပြုရင်း နေထိုင်ကြတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့တွေဟာ အခုနောက်ပိုင်း ဒေသအတွင်း ရပ်ရေးရွာရေး တာဝန်ထမ်းဆောင်နေတဲ့ ရွာလူကြီး တစ်ချို့သူတွေကိုပါ KIA နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လတွေမှာလည်း ဒေသအတွင်း KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ ဖမ်းဆီးတာတွေလုပ်ဆောင်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်လိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button