သတင်း

ဝှေခါတိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ကျော်အတွက်အကူအညီလိုအပ်

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဝှေခါမှော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဖားကန့်နဲ့ဆိုင်းတောင်မှာ လာရောက်စစ်ရှောင်နေကြတဲ့ ဒေသခံတစ်ထောင်ကျော်အတွက် အစားသောက်နဲ့စောင်များလိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဝှေခါဘက်က ပြည်သူတွေဟာ ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ စိမ်မြသုခကျောင်းတိုက်မှာ လူဦးရေ ၇၀၀ ကျော်၊ဆိုင်း‌‌တောင်နှစ်ခြင်းဘုရားကျောင်းမှာလည်း (အရေအတွက်စီစစ်ဆဲ)၊ လုံးခင်းကျေးရွာရှိ မေဓိကာရာမ ကျောင်းတိုက်မှာ  ၁၁၅ ဦးရောက်ရှိ‌နေတယ်လို့ စစ်ရှောင်ကူညီလုပ်ကိုင်ပေးနေတဲ့သူတွေဆီက သိရပါတယ်။

အခုက အရင်တစ်ခါကကျန်တဲ့ အလှူငွေနဲ့ လိုအပ်တာ လုပ်ကိုင်ပေးနေတာပေါ့၊ဆောင်းတွင်းဆိုတော့ စောင်တို့၊အနွေးထည်တို့ လိုအပ်တာပေါ့ လို့ ကူညီလုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။

ဒီစစ်ရှောင်တွေဟာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ဝှေခါရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA,PDF ပူးပေါင်းတပ်များ စခန်းသိမ်းတိုက်ပွဲစတင်လိုက်ပြီးနောက်  ‌စစ်တပ်ဘက်က လေကြောင်းနဲ့လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျမ်ဂါရွာကအများဆုံးပေါ့၊အားလုံးတစ်ထောင်ကျော်မယ်၊ကလေးသူငယ်တွေကအစ ပါခဲ့တာပေါ့၊ရွာမှာတော့ အစောင့်လောက်ပဲ ကျန်ခဲ့တော့တယ်။ ရွာမှာမနေရဲ‌ကြတော့ဘူး၊တိုက်ပွဲဖြစ်တုန်းကတော့ လက်နက်ကြီးတွေနဲ့ချည်း ပစ်ကြတာပဲ၊ရွာထဲက အိမ်တစ်လုံးတော့ လက်နက်ကြီးကျည်ကျလို့ မီးလောင်သွားခဲ့တယ်လို့ နောက်ထပ် ဂျန်ဂါကျေးရွာ‌က တိုက်ပွဲရှောင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လောလောဆယ် တိုက်ပွဲရှောင်ပြည်သူများကို လက်ရှိ စားသောက် နေထိုင်ရေးကိစ္စရပ်များအား လုံးခင်းကျောင်းတိုက်ဆရာတော်နဲ့တကွ ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ကနေ ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ အဓိကအားထားရာ မြေပြင်‌အခြေစိုက် စခန်းကုန်းတစ်ခုနဲ့ ရဲစခန်းကို သိမ်းပိုက်ထားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမနက်အထိ ဝှေခါကျေးရွာမှာ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရပြီး၊တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

ဝှေခါကျေးရွာဟာ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အကြားတွင်းတည်ရှိပြီး ကျောက်စိမ်းမှော်ဒေသသို့ သွားရောက်နိုင်တဲ့ ပင်မလမ်းမကြီးပေါ်မှာ တည်ရှိပြီးအိမ်ခြေ ငါးထောင်ကျော်၊လူဦးရေ တစ်သိန်းနီးပါး နေထိုင်နေတယ်လို့ ဒေသန္တရ မှတ်တမ်းတွေအရ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button