သတင်း

နမ်တိန့်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်သွားလမ်း နမ့်တိန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲ အဖြစ် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲ ဝန်းကျင်လောက်ကနေ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဆိုင်းဖရာဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“တိုက်ပွဲပြန်ဖြစ်တာက ၇ နာရီလောက်ကနေဟုတ်တယ်။ KIA ဘက်ကနေ နမ်တိန့်တပ်စခန်းကို မရရအောင်တိုက်ဖို့ရှိနေတယ်။ KIA ရွာကို ဝန်းရံထားတဲ့အနေအထားမှာရှိတယ်။ စစ်ကောင်စီတပ်သားတွေက ပြန်ထွက်လို့မရပဲ သူတို့ရဲ့စခန်းထဲက ကတုန်ကျင်းတွေထဲကနေ အပြန်အလှန်ပစ်ခတ်နေကြတာ။ လက်ရှိအချိန်အထိ တိုက်ပွဲထိခိုက်သေဆုံးတဲ့အခြေအနေတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ KIA က နမ်တိန်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ ရက်လောက်အကြာ ၂ ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်ပွားနေခဲ့ရာ ဒီကနေ့ မနက်ထပ်မံ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်ရှိမှာ KIA က နမ်တိန်ကျေးရွာတစ်ခုလုံးကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအရှိုန်ပိုကြာမြင့် သွားလာနိုင်တယ်လို့ သူကဆက်ဆိုပါတယ်။

“KIA ဘက်နေလည်း စခန်းကို ရအောင်တိုက်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် တိုက်ပွဲက ဒီထက်ပိုပြင်းထန်လာမယ်လို့ ထင်တယ်။ ရွာထဲမှာလည်း ရွာသားတွေက အကုန်ထွက်သွားကြပြီဆိုတော့ ထပ်ဖြစ်လိမ့်မယ်။ ပြီးရင် နမ်တိန့်တပ်စခန်းက နှစ်ရှည်ခြေကုတ်ယူထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်တယ်”လို့ပြောပါတယ်။

နမ်တိန့် စစ်ကောင်စီတပ်စခန်းမှာ စစ်အင်အား ၅၀ နဲ့ ၆၀ ဝန်းကျင်လောက် တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၂၀ တပ်ရင်းဖြစ်ပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ်တိန့်ဒေသခံပြည်သူ ၈၀ ဝန်းကျင်လောက်က ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက နမ်တိန်ကျေးရွာအထက်မှာရှိတဲ့ ၆ မိုင်(ဒေသအခေါ်)နေရာမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်ဝှေခါမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာနေပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး KIA တပ်ဘက်ကနေ နမ်တိန့်စစ်ကောင်စီ တပ်စခန်းနဲ့ ဝှေခါတပ်စခန်း ၂ နေရာကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖားကန့်ဒေသမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button