သတင်း

ဝန်းသို ခမရ ၁၂၀ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၃၁ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခမရ ၁၂၀ တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၁ ယောက်သေဆုံးခဲ့ပြီဖြစ်‌တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ ကောလင်းမြို့နဲ့ ၅ မိုင်အကွာ ဝင်းကြီးကျေးရွာအနီး ဝန်းသို ခမရ ၁၂၀ တပ်က သတ်ဖြတ်သွားတဲ့ အရပ်သား ၁၉ ယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကောလင်းမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီလို့ NUG က ကြေညာခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ဝန်းသို ခမရ ၁၂၀ တပ်က‌ ကောလင်းဘက်လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျ ရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တဲ့ အရပ်သား ၁၂ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ ၁၂ ဦးကတော့ ကောလင်းမြို့နယ်ထဲက အရပ်သားတွေဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ၁၉ ယောက်ထဲမှာတော့ ကောလင်းမြို့နယ်က ဒေသခံ ၄ ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေရဲ့ အမည်နဲ့အသေးစိတ်တွေကိုတော့ KNG  က အတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒါ့ကြောင့် ဒီကနေ့ထိဆိုရင် ဝန်းသိုခမရ ၁၂၀ တပ်ရဲ့ လုပ်ရပ်ကြောင့် အရပ်သား ၃၁ ယောက်အထိသေဆုံးခဲ့ရပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့ထဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေး အစီစဥ်တွေ လည်ပတ်နေတဲ့အတွက် ကောလင်းမြို့အပါအဝင် အနီးတစ်ဝှိုက် မြို့ရွာတွေမှာ နေထိုင်တဲ့အရပ်သားတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။။

သူတို့ကတော့ သူတို့လက်လွှတ်ထားရတဲ့ မြို့တွေကြောင့် ပြည်သူကိုရန်သူလို့သဘောထားနေမှာပဲ မြို့ထဲမှာ နေထိုင်တဲ့ပြည်သူတွေကလည်း NUG ကိုထောက်ခံသူတွေဆိုပြီး ရန်သူလိုသဘောထားပြီး လက်နက်ကြီးနဲ့ ပစ်တာတွေ စီးပွားရေးလုပ်နေတဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်နေသူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေ တာ ကလည်း သူတို့ရဲ့ဇာတိရုပ်ပဲလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရသူတွေကိုကြည့်ရင် အားလုံးဟာ အရပ်သားတွေဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အနေနဲ့ အရပ်သားတွေကိုအဓိကထားပစ်မှတ်ထားတိုက်ခိုက်လာတယ်ဆိုတာ သိသာထင်ရှားတယ်လို့ သူကဆက်ပြောပါတယ်။

ဝန်းသို ခမရ ၁၂၀ စစ်ကောင်စီတပ်ဟာ ကောလင်းမြို့နဲ့ ၆ မိုင်ဝန်းကျင်လောက်အကွာမှာတည်ရှိပြီး တော့ ကောလင်း၊ ဝန်းသို နဲ့ အနီးတစ်ဝှိုက်ကို စစ်ရေးလှုပ်ရှားလေ့ရှိသလို တော်လှန်ရေးအင်အားစုတွေ ကောလင်းမြို့ကိုသိမ်းပိုက်ပြီးချိန်ကစလို့ နေ့စဥ်ရက်ဆက် ကောလင်းဘက်ကို လက်နက်ကြီးတွေပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတစ်ဝှမ်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ စစ်ပွဲဟာမပြီးသေးသလို တော်လှန်ရေးအင်အားစုတွေဘက်က မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာတာနဲ့အမျှ စစ်တပ်ဘက်က လက်နက်ကြီးနဲ့လေကြောင်း ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီး ဒါဟာ စစ်တပ်ရဲ့ ဗျူဟာတစ်ခုဖြစ်တယ်လို့ စစ်ကိုင်းနိုင်ငံရေး နဲ့ စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေကပြောပါတယ်။

စစ်တပ်အနေနဲ့ကတော့ နှစ်ပေါင်း၇၀လုံး တိုင်းရင်းသားနယ်တွေမှာ လုပ်လာတဲ့ဗျူဟာအဟောင်းကြီးပါပဲ သူတို့အနေနဲ့က သူတို့လက်လွှတ်လိုက်ရတဲ့မြို့ရွာဒေသတွေကို မစားရတဲ့အမဲသဲနဲ့ပတ်တဲ့ဗျူဟာပေါ့အကုန်လုံးကို ချေမွပျက်ဆီးပစ်တာရှိတယ် နောက်ဆုံးမြေမြုပ်မိုင်းတွေထားခဲ့တာရှိတယ် သူတို့လက်လွှတ် လိုက်ရတာနဲ့ ဒီနေရာသည် ဘယ်သူမှရှင်သန်လို့မရအောင်ပေါ့ အလုံးစုံဖျက်ဆီးတဲ့နည်းဗျူဟာပေါ့အင်မတန် ယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်ပါပဲ ဒီလုပ်ရပ်က သူတို့တောက်လျှောက်စွဲကိုင်လာတဲ့နည်းလမ်းပါပဲလို့ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး အစီအစဥ်တွေစတင်နေတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်မှုတွေပိုလုပ်လာနိုင်တဲ့အတွက် အရပ်သားတွေအနေနဲ့ လုံခြုံရေး အတွက် ပိုမိုဂရုစိုက်သင့်သလို စစ်ရေး သတိနဲ့ နေထိုင်သင့်တယ်လို့ နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ တွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button