သတင်း

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို KIAPDF ကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီး ဒေသခံတွေက ပြောပါတယ်။

အင်းတော်ကြီးဝှေခါ ကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်ကြီးဒေသလှုပ်ရှားတပ်ဖြစ်တဲ့ ညောင်ပင်ကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၆နာရီအချိန်မှာ KIA PDFပူးပေါင်းတပ်တွေက ဒရုန်းနဲ့ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဒရုန်းက တစ်စင်းထဲမဟုတ်ဘူး သုံးလေးစင်းလောက်လာသွားတယ် ဗုံးသီးလည်း လေး၊ငါးလုံးမကဘူးဆူညံသွားတယ်။ စစ်ကောင်စီစစ်သားတွေအထိနာသွားပုံရတယ်အထဲမှာပဲဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ ဒါပေမယ့် စစ်သားတွေကအထဲကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြန်ပြီးရမ်းပစ်တာတွေရှိခဲ့တယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်စခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်ဝှေခါဘက်နဲ့ အင်းတော်ကြီးဘက်ခြမ်းတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေလည်းရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူအချို့ဟာ တိုက်ပွဲ ပြင်းထန်လာမှာစိုးရိမ်တဲ့အတွက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

တချို့က ဘုန်းကျောင်းမှာသွားစုတဲ့လူကသွားစုကြတယ် တချို့က နန့်မီးလောင်တို့ရွာတွေဘက်ကိုတိမ်းကြတာရှိတယ် ဒီတစ်ရက်နှစ်ရက်တော့ ခြေနေစောင့်ကြည့်ပြီးတိမ်းနေကြအုန်းမှာလို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ဒေသခံပြည်သူတစ်ချို့ မနေ့ညပိုင်းနဲ့ဒီနေ့မနက်ပိုင်းကနေ အင်းတော်ကြီး၊ နန့်မီးလောင်ရွာ၊ နန့်ပတဲရွာ၊လုံးစန့်ရွာတွေဘက်ကိုတိမ်းရှောင်သွားကြသလို တစ်ချို့လည်းလယ်ခင်း၊တဲ၊ တောတောင်တွေထဲယာယီတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ညောင်ပင်ကျေးရွာဟာ အင်းတော်ကြီးမြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ အင်းတော်ဝှေခါလမ်းပိုင်းမှာရှိတာဖြစ်ပြီးအိမ်ခြေ ၇၀၀ ကျော်နဲ့လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button