တိုက်ပွဲသတင်း

မိုးကောင်းနဲ့ ဖားကန့်လမ်းမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်း ဆုတ်ခွာ

မိုးကောင်းမြို့နယ် နာ့ဟိုင်ကျေးရွာ(Namsheng)မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်သွားလမ်း မိုးကောင်းနဲ့ ကားမိုင်းကြားမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ တပ်စခန်းတစ်ခုလုံးက ကားမိုင်းဗျူဟာကုန်းနေရာဆီ ဆုတ်ခွာသွားကြတယ်လို့ နာ့ဟိုင်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

တခြားတိုက်ပွဲဖြစ်တာလည်းမရှိဘူး။ သူတို့ဟာသူတို့ ဆုတ်ခွာသွားကြတာဟုတ်တယ်။ အားလုံး ဒီကားမိုင်း ဗျူဟာကုန်းရှိတဲ့ ဖက်မှာဝင်သွားကြတယ်လို့ ပြောတယ်။ တပ်စခန်းကတော့ကြီးတယ်။ အဲ့စခန်းရှိတာ ၅ နှစ်၊ ၆ နှစ်လောက်တော့ရှိပြီလို့ပြောပါတယ်။

အဲ့ဒီ နာ့ဟိုင်စစ်ကောင်စီတပ်စခန်းမှာ စစ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ပေ တစ်ထောင်ကျော်လောက်ရှိတဲ့ တောင်ကုန်းနေရာမှာ တပ်ချထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖားကန့်သွားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်တစ်ခု ဆုတ်ခွာသွားတာဟာ လုံခြုံရေးအားနည်းလာတဲ့အတွက် ကာားမိုင်းဗျူဟာကုန်းကနေ ပြန်လည်ခေါ်ယူလိုက်တာဖြစ်နိုင်တယ်လို့ နာ့ဟိုင်ဒေသခံအမျိုးသားဆက်ဆိုပါတယ်။

ပြောရမယ်ဆိုရင် သူတို့အတွက် သိပ်မလုံခြုံတော့ဘူး ဆိုလို့ထင်တယ်။ ပြီးရင် ဒေသခံတွေကလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြတဲ့ အနေအထားမှာရှိနေတယ်။ အစားအသောက်တွေ ဝယ်ယူစုဆောင်းတာတွေရှိနေတယ်။ အဲ့ဒါတွေကို ကြည့်ရင် စစ်အင်အားတွေလည်း နည်းလာလို့ ထွက်ခွာသွားတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာသွားခဲ့တဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်းဟာ မိုးကောင်းမှာရှိတဲ့ တပ်စခန်းတွေနဲ့ ကားမိုင်း ဗျူဟာကုန်းကို အဓိက လုံခြုံရေးအကာအကွယ်ယူပေးတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အဲဒီ နာ့ဟိုင်တပ်စခန်းကို စစ်တပ်အာဏာမသိမ်းမှီ နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထွက်ခွာသွားဖို့ရန်အတွက် မကြာခဏသွားရောက်တိုက်ခိုက်နေတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတဲ့နောက် ဇန်နဝါရီလ ၂၈ ရက်နေ့ KIA တပ်ဖွဲ့တွေက နာ့ဟိုင်စစ်ကောင်စီတပ်စခန်းနေရာကို သွားရောက်ပြီး ပေါက်ကွဲတာတွေမဖြစ်အောင် မိုင်းရှင်းလင်းတာတွေ၊ တပ်တွင်းမှာရှိတဲ့ တဲစခန်းနေရာတွေကို ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ လောက်မှာ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ပွဲဖြစ်ပွားတာတွေ မရှိပေပေမယ့် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်ကနေ ရုတ်သိမ်းသွားတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button