သတင်း

ပူတာအိုမှာ ဗျူဟာမှူး နဲ့ အုပ်ချုပ်ရေးပေါင်းပြီး ကျေးရွာခြံစည်ရိုးအထိ ရွှေတူးဖော်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကပ်မုံကျေးရွာမှာ စစ်ကောင်စီတပ်ဗျူဟာမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးတော့ ကျေးရွာခြံစည်းရိုးနားအထိ ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာကြောင့် ရွာနယ်မြေထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မလိခမြစ်ဘေးမှာရှိတဲ့ မကပ်မုံကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကနေစပြီး ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်က ဗျူဟာမှူးနဲ့ မကပ်မုံ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီးတော့ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေလုပ်ဆောင်နေပြီး လက်ရှိကျေးရွာခြံစည်းရိုးနားအထိရောက်လာတာကြောင့် ဒေသခံတွေက ကျေးရွာပျက်စီးလာမှာကိုစိုးရိမ်နေရတယ်လို့ မကပ်မုံကျေးရွာနေအသက် ၅၂ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

တူးတာက ဗျူဟာမှူးရယ် မကပ်မုံအုပ်ချုပ်ရေးမှူးရယ်ပြီးတော့ ကုမ္ပတစ်ခုပါတယ် မူလာရှီးဒီဘက်ကုမ္ပဏီဟုတ်တယ်သူတို့ပေါင်းပြီးတူးနေတာသူတို့တူးနေတာအခု ရွာရဲ့ခြံစည်းရိုးကပ်ရပ်ကိုရောက်နေပြီဒီတိုင်းဆက်တူးရင် ရွာက မလိခမြစ်ထဲပါသွားဖို့ပဲရှိတယ်ရွာကမလိခမြစ်ဘေးမှာရှိတာလေးလို့အထက်ပါအမျိုးသားကပြောပါတယ်။

အဲ့ဒီရွှေတူးဖော်မှုကို လက်ရှိဘတ်ဖိုးယာဉ် ၂စီးနဲ့ ကြီးကြီးမားမားလုပ်ဆောင်နေတာဖြစ်ပြီး ရွှေတူးတဲ့နေရာဟာ မကပ်မုံရွာနဲ့ မလိခမြစ်ကြားမှာတူးဖော်နေတာကြောင့် မိုးတွင်းကာလရေကြီးရေလျှံဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် ဒေသခံတွေကအဲ့ဒီရွှေတူးဖော်မှုကိုရပ်တန့်ပေးစေလိုကြောင်းအခုလိုပြောပါတယ်။

ဗျူဟာမှူးကိုယ်တိုင်ကပါနေတော့ရွာသားတွေက ဘာမှမလုပ်ရဲကြဘူးလေးငြိမ်နေရတယ် ဒီတိုင်းဆက်တူးရင်တော့ရွာကသေချာပေါက်ပျက်စီးပြီ ဘာလို့လဲဆိုတော့ မလိခမြစ်နဲ့ ရွာနဲ့ကြားမှာက ၃ဧကလောက်ပဲကျယ်တယ်အဲ့အကျယ်အဝန်း ကြားလေးမှာကိုတူးနေတာ ပြောရမယ်ဆို ရွာဘက်ကိုမလိခမြစ်ရေဝင်လာအောင်မြောင်းဖော်ပေးသလိုဖြစ်နေတာ သေချာပေါက်မိုးတွင်းမှာတော့ရွာကရေအောက်ရောက်မှာ ဆက်မတူးပါနဲ့လို့တောင်းဆိုပါတယ်လို့ မကပ်မုံရွာခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင်ရွှေတူးဖော်ထားတဲ့ မြေစာပုံတွေကိုလည်း ကျေးရွာခြံစည်းရိုးနဲ့ မြစ်ကမ်းနဘေးတွေမှာလွယ်လင့်တကူစွန့်ပစ်ထားတာကြောင့် မြစ်ကြောင်းပိတ်စို့တာ၊ ကျေးရွာအနီး စွန့်ပစ်မြေစာပုံတွေများလာတဲ့အတွက် ဒေသခံတွေအတွက်အခက်အခဲဖြစ်စေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် မကပ်မုံ ဒေသခံတွေဟာ ရွှေတူးဖော်မှုကြောင့်  ကျေးရွာဟာ ရေဘေးအန္ဒရာယ်ကြုံလာမှာကိုစိုးရိမ်နေတဲ့အပြင် ကျေးရွာဧရိယာတွေပျက်စီးနေတာကြောင့် တာဝန်ရှိသူတွေအမြန်ဆုံးစိစစ်ပေးဖို့နဲ့ ရွှေတူးဖော်မှုကိုရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီကိစ္စနဲ့စပ်လျဥ်းပြီးတော့ မကပ်မုံအုပ်ချုပ်ရေးမှူး ဦးအားတီဆဲကို KNGသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

အခြေအနေကဒီလိုပါ အရင်ကကမ်းပါးပြိုတဲ့နေရာပေါ့ ပေ ၇၀၀ လောက်ပြိုတာ အဲ့တာကိုမြေဖို့ခိုင်းတာ လောလောဆယ်ဘတ်ဂျက်ကလည်းမကျလာတော့ ဗျူဟာမှူးဆီလုပ်ပေးဖို့အကူအညီတောင်းပြီးရွာသားတွေနဲ့လုပ်နေတာပါ ရွှေတူးတာကတော့လောလောဆယ် အဲ့မှာဖို့ ဖို့သဲကျောက်ကောရတော့ဆီဖိုးရအောင်ပါလို့ သူကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ မကပ်မုံကျေးရွာဟာ မလိခမြစ်ကမ်းနဘေးနဲ့တစ်ဆက်တည်း ရှိနေတာကြောင့်ကြီးကြီးမားမား မြေပျိုတာမျိုးမရှိကြောင်းနဲ့ယခင်အစိုးရလက်ထက်က တည်ဆောက်ထားတဲ့ မြစ်ထိန်းနံရံရေကာတာဟာလည်း ရွှေတူးဖော်မှုကြောင့် ပြိုကျသွားကြောင်း ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပူတာအိုဒေသဟာ စစ်အာဏာမသိမ်းမှီက လက်လုပ်လက်စားရွှေတူးဖော်ရုံမျှသာရှိခဲ့ပေမယ့် စစ်အာကာသိမ်းနောက်ပိုင်းမှာတော့ ပူတာအိုမြို့အနီးဝန်းကျင်နေရာတွေ၊ မချမ်းဘော့နယ်၊ နောင်ခိုင်၊ မကပ်မှော်၊ မူလာရှီးဒီစတဲ့နေရာအနှံ့မှာစက်ယန္တယားကြီးတွေနဲ့ကြီးကြီးမားမားရွှေတူးဖော်လာနေတယ်လို့သိရပါတယ်။

မကပ်မုံကျေးရွာဟာ အိမ်ခြေ ၆၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင်လောက်ရှိတဲ့ကျေးရွာငယ်လေးဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button