စစ်ပြေးဒုက္ခသည်များသတင်း

တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး – ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်

ဝိုင်းမော်မြို့နယ် ကဇူး – ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့  ကဇူးဒေသခံတွေဆီကနေ သိရတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး ကဇူးဒဘတ်တစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ နမ်ဆန်ယန်သွားတဲ့လမ်းဘက် ကဂမ်ဘွမ်ဘက်ကိုရိက္ခာပို့ဖို့ ကြိုးစားလာတာကြောင့်  KIA က ခုခံတိုက်ခိုက်နေရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၁၀ ရက်ကျော်လာပြီဖြစ်ပါတယ်။

လက်ရှိမှာ ကဇူးကျေးရွာမှာတပ်စွဲတဲ့ စစ်တပ်စခန်းကလည်း ရွာတွေဘက်ကိုလက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေရှိနေတာကြောင့် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ ကဇူး– ဒဘတ်ဒေသခံတစ်ချို့ ထပ်ပြီးတိမ်းရှောင်သွားသူတွေရှိသလို နေရာအခက်ခဲကြောင့် တိမ်းရှောင်ဖို့ခက်ခဲနေသူတွေလည်းရှိနေတယ်လို့  ဒေသခံတွေပြောပါတယ်။  

လက်နက်ကြီးက တစ်နေ့မှာ အနည်းဆုံး  ကြိမ်လောက်ပစ်တယ်။ လက်နက်ကျည်တွေ ရွာထဲကျတာလည်းရှိတယ်။ လူတော့မထိပေမဲ့ လူနေတဲ့အိမ်ခြံဝင်းတွေထဲ၊ ဘုရားကျောင်းဝင်းတွေထဲ လာကျတာရှိတယ်။ဒီအခြေအနေနဲ့ဆိုရင် ရွာမှာနေလို့မရတဲ့ အဆင့်ရှိလာနိုင်တယ်။ ဆိုပေမဲ့ ကျနော်တို့က အရင်နေခဲ့တဲ့ စစ်ရှောင်စခန်းတွေဆီ ပြန်တိမ်းရှောင်မယ်ဆိုရင်လည်း တချို့က လက်မခံတာမျိုးတွေ၊ တချို့က ရှောင်လိုက် ပြန်လိုက် နေနေသေးတယ်။ လို့ ကဇူးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

၂၀၁၁ ခုနှစ် ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ KIA တပ်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် နှစ်ပေါင်း ၁၀ နှစ်ကျော် စစ်ရှောင်စခန်းမှာထွက်ပြေးတိမ်းရှောင်ပြီးနေထိုင်ခဲ့တဲ့ ဂါးရာယန်၊ ကဇူး၊ ဒဘတ် – စတဲ့ကျေးရွာနေ ပြည်သူတွေက နိုင်ငံရေးမတည်ငြိမ်သေးပေမဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပြန်လည်ထူထောင်ရေးလုပ်ကိုင်ကာ နေရပ်ပြန်ပြီးနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး လက်နက်ကိုင်နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်တွေဟာ ဒဘတ်ကျေးရွာတံတားထိပ်ကနေ ကျေးရွာဘက်ထိ ဝင်ရောက်စစ်ရေးလှုပ်ရှားလာတာတွေရှိနေသလို KIA ဘက်ကလည်း စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာတွေထိ ဒရုန်းနဲ့လိုက်လံတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ပြန်ပြီးတိမ်းရှောင်နေရတဲ့အခြေနေရှိနေတယ်လို့လည်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

စစ်တပ်က တံတားအထက်ဘက် ရွာသားအိမ်တချို့ရှိတယ်။ အဲ့မှာဝင်နေကြပြီး အဲ့ကနေ လှုပ်ရှားလာတာနဲ့ KIA လည်း ဒရုန်းနဲ့လိုက်ပစ်တာ။ အခု စစ်တပ်တွေက ဆမားကကမ်(Kagam)စစ်တပ်ကုန်းဘက် ရိက္ခာပြတ်လပ်လာတော့ အဲ့ဒီဘက်က ရိက္ခာပို့ဖို့ အစီအစဉ်ရှိတယ်။ လမ်းကြောင်းရှာနေတာပေါ့။ အဲ့တော့ KIA တွေကို ဆမားလမ်းခွထိ ရှောင်ပေးပေါ့အဲ့လိုပြောတယ်တဲ့။ KIA ဘက်ကလည်း မရှောင်ပေးတော့ စစ်တပ်ဘက်က ထိုးမယ်ပေါ့။ တိုက်မယ်လေယာဉ်နဲ့လည်း ပစ်ရရင်ပစ်မယ်လို့ ပြောတယ်တဲ့။ တိုက်ပြီး ချီတက်လာမယ်လို့ ပြောတယ်တဲ့။” လို့ နောက်ထပ် ကဇူးဒေသခံအမျိုးသားတစ်ဦး ကလည်း ပြောပါတယ်။

လက်ရှိ ကဇူး– ဒဘတ်ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေနေအိမ်မှာ သွားရောက်ခိုလှုံနေသူတွေရှိသလို အရင်နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းထဲသွားရောက်နေထိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ဒါပေမယ့် အရင်နေထိိုင်ခဲ့တဲ့ စစ်ရှောင်စခန်းထဲမှာ အားလုံးနီးပါးပြန်ပြီးဝင်ရောက်နေထိုင်ဖို့ အဆင်မပြေတာတွေရှိနေတဲ့အတွက် နေရာအခက်ခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရွာမှာ တချို့နေနေပြီး တချို့ကတော့လည်း မြို့ဘက် အရင်ကနေခဲ့တဲ့စစ်ရှောင်အခန်းတွေမှာ ပြန်သွားနေတယ်။ တချို့ကတော့ ဆွေးမျိုးအိမ်တွေမှာ ခိုလှုံနေတယ်။ ပြီးတော့ တချို့ကြတော့လည်း အရင်ကနေခဲ့တဲ့ စစ်ရှောင်စခန်းဆီပြန်မယ်ဆိုလည်း အဲ့ဒီစစ်ရှောင်မှာနေရာမရှိတော့တာမျိုး၊ အဆင်မပြေသွားတာမျိုးပေါ့။ အရင်ကနေခဲ့တဲ့အခန်းတွေမှာ အခြားသူတွေ ပြန်ဝင်နေတာမျိုးတွေဖြစ်သွားတော့အခန်းအဆင်မပြေ၊ နေစရာဒုက္ခပြန်ကြုံတာတွေနဲ့  ရိက္ခာပြတ်တာကတစ်မောက် အဲ့လိုအခက်ကြုံနေတယ်။” လို့ ကဇူးဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 ဂါးရာယန်၊ ကဇူး၊ ဒဘတ်ကျေးရွာ ဒေသခံပြည်သူတွေအတွက် အရေးပေါ်အခြေအနေကြုံလာရင် ယာယီထွက်ပြေးတိမ်းရှောင်နေဖို့ သက်ဆိုင်ရာအသင်းတော်ခေါင်းဆောင်တွေ ဦးဆောင်ပြီး အောင်မြေ (ကျေးရွာမှာ စစ်ရှောင်စခန်းတွေဆောက်လုပ်ကာနေရာသတ်မှတ်ပေးထားတာရှိပါတယ်။

ဒါပေမယ့် အောင်မြေ  ကျေးရွာအနီးတစ်ဝိုက်မှာလည်း စစ်ရေးတင်းမာနေတာကြောင့် သွားရောက်နေထိုင်ဖို့ စိုးရိမ်ရတာတွေရှိသလို တိုက်ပွဲဒီထက်မကပြင်းထန်လာရင် အောင်မြေ (ကျေးရွာကနေလည်း ထပ်ပြီးတိမ်းရှောင်ရမှာကို စိုးရိမ်နေရတယ်လို့ ကဇူး– ဒဘတ်ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button