တိုက်ပွဲသတင်း

ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ SNAတပ်နဲ့ ပျူစောထီးတွေပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ် ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုသားများတပ်မတော် (SNA)နှင့်ပျူစောထီးတွေက ဇန်နဝါရီ ၂၀ ကျော်ကနေစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီကနေ့မနက်ပိုင်းထိ ရွှေပြည်အေးမြို့အနီးဝန်းကျင်တွေမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ ဟုမ္မလင်းPDF ကတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

လတ်တလောက ဒီနေ့လည်းဖြစ်နေတယ်လို့ပြောတယ်။ အဲ့အနီးနားရွာတွေကပြောတာတော့ လက်နက်ကြီးသံတွေလည်းကြားနေရတယ် ပြောတယ်။၂၅ရက်နေ့လောက်ကနေစလို့ ဖြစ်တာပဲလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဟုမ္မလင်းမြို့နဲ့ ရွှေပြည်အေးမြို့ကြားက မြင်သာရွာ၊ မိုးလင်းရွာစတဲ့ကျေးရွာတွေအနီးမှာဖြစ်ပွားနေတာဖြစ်ပြီး ရွှေပြည်အေးမြို့နဲ့အလှမ်းဝေးတဲ့နေရာမှာဖြစ်နေတာလို့သိရပါတယ်။

စစ်ကောင်စီနဲ့မဟာမိတ်ပူးပေါင်းတပ်တွေစစ်ကြောင်းစဝင်တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့တုန်းက ရွှေပြည်အေးမြို့ထဲက အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်ကို စစ်ကောင်စီပူးပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်ကာကွယ်ရေးဘက်က ထိုးစစ်ပြန်ဆင်ပြီးတိုက်ခိုက်ခဲ့တာကြောင့် ဇန်နဝါရီ ၂၅ ရက်နေ့က ရွှေပြည်အေးမြို့ကိုစစ်ကောင်စီကပြန်လည်လက်လွတ်လိုက်ရတဲ့နောက်တိုက်ပွဲ ပြင်းထန်နေတာလို့ သိရပါတယ်။

အစောပိုင်းတုန်းကတော့ အမှတ် ၁နဲ့ အမှတ် ၂ကို သူတို့(စစ်ကောင်စီတပ်)တွေပြန်ရသွားတယ်လို့ပြောတယ် ပြန်ရပြီးတော့မှ အခုနောက်ပိုင်းသူတို့ပြန်ဆုတ်သွားရတယ်။ အခုရက်ပိုင်းထဲမှာပြန်တိုက်ကျတော့သူတို့အကျအဆုံးများတော့ ပြန်ဆုတ်သွားကရတယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဝါဒဖြန့်တဲ့ Facebook စာမျက်နှာအချို့နဲ့ Telegram Channel အချို့မှာတော့ ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားပြီလို့ ဖော်ပြနေကြပေမယ့် ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်ပြီးပြန်တိုက်ခိုက်ခဲ့တာကြောင့်လက်ရှိမြို့ကိုကာကွယ်ရေးတပ်တွေပြန်ထိန်းချုပ်ထားပြီး စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေဟာရွှေပြည်အေးနဲ့ဝေးနဲ့ မြင်သာ၊ မိုးလင်းစတဲ့ကျေးရွာတွေမှာတပ်ချနေတယ်လို့သိရပါတယ်။

ရွှေပြည်အေးမြို့အနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ နဲ့ SNA၊ ပျူစောထီး တပ်တွေဘက်ကအထိအခိုက်အကျအဆုံးများနေသလို အရှင်ဖမ်းမိတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ရွှေပြည်အေးမြို့အနီးတိုက်ပွဲတွေမှာအထိနာနေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်နဲ့ကျေးရွာတွေဘက်ကိုလေယာဥ်နဲ့ဗုံးကျဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတာကြောင့်ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့လေယာဥ်ဗုံးကျဲမှု၊ လက်နက် ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲ တွေကြောင့် ရွှေပြည်အေးမြို့နေပြည်သူတွေအပါ အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ မယ်ဇလီရွာ၊နောင်ဆန်းကျင်ရွာ၊ မြင်သာရွာ၊တီးလောင်ရွာ စတဲ့ကျေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရဆဲလို့သိရပါတယ်။

ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ထိမြို့ကို ဟုမ္မလင်း PDF တွေကထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button