စစ်ပြေးဒုက္ခသည်များသတင်း

မိုးမိတ် စစ်ရှောင်တွေအတွက် အစားသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေ

ကချင်– ရှမ်းအစပ်မှာရှိတဲ့ မိုးမိတ်မြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် အခြေခံအစားသောက်တွေနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အောက်ပြည်နှစ်ခြင်းသာသနာနယ် စစ်ရှောင်ကော်မတီကနေ သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့် ဇန်နဝါရီလ ၁၈ ရက်နေ့နှစ်ဖက်တိုက်ပွဲကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဘုံကလုန်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အစားအသောက်၊ ဆေးဝါး ကူညီမှုတွေလိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင် ကော်မတီ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။

ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တွေ့ရတာက အစားအသောက်၊ ဆေးဝါးနဲ့ ပတ်သက်တာတွေ ပြီးတော့ နေတဲ့နေရာက လည်း ဝါးတွေနဲ့ ဘဲ လုပ်ထားတာဆိုတော့ ရှေရှည်အတွက်က အဆင်မပြေဘူးပေါ့၊ အဲ့တာကြောင့် မိုးကာတွေ၊ သုံးထပ်သား၊ ငါးထပ်သားတွေ လည်း လိုအပ်နေတယ်လို့ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၅၀  လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်  ဦး၊ နို့စို့ကလေးမိခင်  ယောက်နဲ့ သက်ကြီးရွယ်အို  ယောက်ပါဝင်တာဖြစ်တဲ့အတွက် ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းကို စစ်ရေးအခြေအနေတွေကြောင့် မြို့ဘက်လမ်းကနေသွားလို့မရဘဲ တောလမ်းဘက်ကသွားရတဲ့အတွက် သွားလာရေးခက်ခဲပြီးတော့ ဖုန်းလိုင်းအင်တာနက်လိုင်းလည်း မရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအနေနဲ့ အစားအသောက်၊ လိုအပ်တာတွေ ဝယ်ဖို့ ဘုံကလုန်ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရှမ်းရွာဘက်ထိသွားရတာဖြစ်တာကြောင့် မိုးတွင်းဆိုရင် သွားလာရေးသာမက နေရာထိုင်ခင်းမှာလည်း အခက်အခဲရှိလာနိုင်တယ်လို့  ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို နေရပ်ပြန်လာဖို့ပြောဆိုနေပေမယ့် ပြန်သွားသူတစ်ချို့ကိုခြိမ်းခြောက်ပစ်သတ်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

သူတို့ဘက်က အိမ်ပြန်လာတော့  မပြန်လာရင် အိမ်တွေ မီးရှို့ပစ်လိုက်မယ်ဆိုလို့ ခြိမ်းခြောက်တော့ တစ်ချို့ ကပြန်တာတွေရှိပေမဲ့လည်း ပစ်သတ်ခံရတာတွေရှိတော့ ကိုယ်အိမ်ကိုယ်ယာကို ပြန်လာကြည့်ချင်ရင်တောင် ဘယ်သူမှ မပြန်ရဲကြတော့ဘူး၊ အဲ့တော့ သူတို့ဘက်ကလည်း အိမ်တွေ ဖောက်၊ မီးရှို့တာတွေ လုပ်နေကြတယ်လို့ပြောပါတယ်။

ဒါ့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့  မိုးမိတ်မြို့နယ် လူထုအခြေပြုတွေဘက်က  ကချင်လွတ်လပ်ရေးတပ်မတော် ရုံးချုပ်ဆီ KIA တွေအနေနဲ့ မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပေးဖို့ စာတင်ပြထားတယ်လို့လည်း သိရပါတယ်။

 စစ်ရေးအခြေအနေတွေကြောင့် မိုးမိတ်မြို့တွင်း နေရပ်ပြန်လို့မရသေးသလို လက်ရှိ တိမ်းရှောင်နေတဲ့ နေရာမှာလုံခြုံတယ်ဆိုပေမဲ့ ရေရှည်အတွက် စဉ်းစားရမှာဖြစ်သလို စစ်တပ်ဘက်ကလည်း ဝင်ရောက်လာနိုင်တဲ့အတွက် စစ်ရှောင်ကော်မတီတွေဘက်က လုံခြုံတဲ့နေရာမှာ ထပ်မံပြောင်းရွေ့နိုင်ဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်လောက်ကနေ မိုးမိတ်အတွင်း တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေဟာ မိုးမိတ်မြို့နဲ့ နီးတဲ့ မန်ဘတ်၊ ပြောင်းပြန်၊ ဘုံကလုန်း၊ တုံးခီး၊ ဘော်ဒယ်၊  စတဲ့နေရာတွေမှာ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြတာဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မံစီမြို့နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကချင်၊ပလောင်၊ရှမ်း၊ဗမာလူမျိုးတွေ စုပေါင်းနေထိုင်တဲ့နေရာဖြစ်ပါတယ်။

မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့ KIA,PDF,ABSDF  ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်တပ်က လေကြောင်းရော၊မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင်နေတာကြောင့် KIA,PDF ဘက်က တပ်ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိစစ်တပ်ဘက်က ဝင်ရောက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button