လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းခံနေရ

တိုက်ပွဲကြောင့်သေဆုံးခဲ့ရတဲ့ ရုပ်အလောင်း ၁၀၀ လောက်ရှိတယ်လို့ဒေသခံတွေပြော

ရှမ်းပြည်မြောက်ပိုင်း နဲ့ကချင်ပြည်နယ်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲမှာ မြို့ခံအရပ်သားတွေအပြင် အမည်မသိတဲ့သူတွေအုပ်စုဖွဲ့ပြီး မြို့တွင်းထဲက နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်း တပ်တွေပူးပေါင်းပြီးတော့ မိုးမိတ်မြို့ကိုသိမ်းပိုက်ဖို့ ကြိုးစာခဲ့ရာ တစ်ပတ်ကြာတိုက်ပွဲဖြစ်ပွားပြီး နောက် တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလိုဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်က မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လက်ရှိမိုးမိတ် အခြေနေကို ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

ခိုးတဲ့သူတွေက အုပ်စုလိုက်ကြီးဆိုတော့ ပိုင်ရှင်တွေတောင်မပြောရဲတဲ့ဘဝဗျာ အဲ့လိုဖြစ်နေတာ အလွှာပေါင်းစုံက မြို့သားအချင်းချင်းတွေလည်းပါတယ်။ ပတ်ဝန်းကျင်ရွာတွေလည်းလုပ်နေကြ တာ တချို့ဆိုကိုယ့်အသိမိတ်ဆွေထဲကတောင်ပြန်ယူနေကြတာ တအားကိုဆိုးရွားနေတာ တန်ဖိုး ရှိတဲ့ပစ္စည်း ထိုင်ခုံအဝတ်ဘီရို ကားတွေနဲ့ သူကအုပ်စုလိုက်သယ်တာ အဲ့လိုဗျာ လို့ဒေသခံ တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေဟာ မိုးမိတ်မြို့ကိုလက်ရှိထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကိုပါ ပြန် ကြောက်နေရပြီး မြို့တွင်းဝင်မယ်ဆိုရင်လည်းစစ်ဆေးရေးတင်းကြပ်တာတွေအပြင် သတ်မှတ် ထားတဲ့အချိန်ပဲ အပြင်ထွက်ခွင့်ပေးတယ်လို့ သိရပါတယ်။

မြို့ထဲကိုတော့ ဒေသခံတချို့ ပြန်ဝင်ရောက်ပြီးတော့ ကျန်နေတဲ့ပစ္စည်းတွေကို ဝင်ယူကြတာရှိသလို မြို့ပေါ်ရပ်ကွက်ကတော့ ပျက်ဆီးမှုအများဆုံးဖြစ်တယ်လို့ လက်ရှိ မြို့တွင်းအခြေနေကို ဒေသခံ အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။

လက်ရှိကတော့ မြို့ခံတချို့တွေက ကိုယ့်ပစ္စည်းကိုယ်ပြန်သယ်ကြတယ်ပြောတာပဲ။ ဒါပေမဲ့ တချို့ ကျ ကိုယ့်ပစ္စည်းကိုယ်သယ်တာကို အုပ်စုဖွဲ့ပြီး ဓားတွေနဲ့လုယက်တာတွေရှိတယ်ပြောတယ်။ ပြန်မဝင်ကြသေးဘူး သတင်းတွေကအမျိုးမျိုးကြားနေလို့ ကြောက်လို့မပြန်ကြတာ မြို့ကတော့ တော်တော်ကြေနေပြီ မြို့လယ်ခေါင်ကတော့ တော်တော်ပျက်ဆီးသွားပြီလို့ပြောပါတယ်။

ပစ္စည်းခိုးယူနေတဲ့သူတွေဟာပစ္စည်းယူရုံတင်မက နေအိမ်တွေကိုပါမီးရှို့ဖျက်ဆီးတာတွေ လုပ်နေပြီး အဲ့ဒီအခြေနေကို မိုးမိတ်မြို့ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီတပ်ကလည်း အရေးယူ ဆောင်ရွက်တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ မြို့တွင်းမှာ ပျက်ဆီးသွားတဲ့နေအိမ်တွေဟာ နေအိမ်ပေါင်း ၅၀၀ ထက်မနည်းရှိသလို အရပ်သား သေဆုံးမှုဟာလည်း ရာနဲ့ချီရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပါတယ်။

တချို့ကျတော့လည်း ပစ္စည်းယူပြီးမီးရှို့သွားတာတွေပေါ့ တချို့ကျတော့ မုဒိတာမပွား နိုင်တာပါဗျာ ကိုယ့်အိမ်က မီးလောင်တဲ့အထဲပါသွားပြီး တခြားအိမ်တွေက အကောင်းတိုင်း ကျန်တော့ မီးရှို့ လိုက်တာ အကုန်ပြောင်သွားတယ်ဗျာ သတ်ခံရတာကတော့ အများကြီးပါပဲ အရင်ကတော့ ၄၀ လောက်ပဲ အခုကတော့ ၁၀၀ ဝန်းကျင်လောက်ပေါ့ ရွှေဇာလီပတ်လမ်း ဆိုလည်းပုတ်စော်ကို နံထောင်းနေတာပဲ

လက်ရှိမှာ မိုးမိတ်မြို့တွင်းထဲ အရပ်သားတစ်ချို့သာ ပြန်ဝင်နေထိုင်နိုင်ပြီး အများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်လို့ မြို့တွင်းနယ်မြေရှင်းလင်းရေးလည်း မလုပ်နိုင်သေးပါဘူး။

အရပ်သားတွေကတော့ မိုးမိတ်မြို့အနီးက နီးစပ်ရာ ဘေးလွှတ်ရာရွာတွေမှာ ထွက်ပြေးနေကြရ သလို ကချင်ပြည်နယ် နဲ့ မန္တလေးဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေး နေရတဲ့ အရပ်သားက လက်ရှိအချိန်ထိ သောင်းနဲ့ချီရှိနေသေးတယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button