တိုက်ပွဲသတင်း

ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲက အစိုးရဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေမှာ ဝင်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ မြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခမရ ၁၄၁ ကိုတော့ သိမ်းပိုက်ဖို့ စစ်ရေးလှုပ်ရှားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဘက်က ဆင်ဘိုမြို့အနီးတစ်ဝိုက်ကို ကင်းထောက်လေယာဉ်တွေနဲ့လာရောက်ပျံဝဲနေတဲ့အပြင် လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး ဒေသခံပြည်သူအများပိုင်းက စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်တပ်စခန်းကိုတော့ KIA နဲ့ PDF တွေ ဝိုင်းထားတယ်။ မြို့ထဲမှာလည်း KIA/PDF တွေ နေရာယူထားတယ်။ တိုက်ပွဲကတော့ ရပ်နားနေတယ်။ လေယာဉ်တော့မကြာမကြာလာတယ်။ စစ်တပ်လည်းလက်နက်ကြီးပုံမှန် ရမ်းတမ်းပစ်ခတ်တယ်။ ပြည်သူတွေလည်း ကြောက်လို့ တချို့က တောထဲနဲ့ အနီးနား ရွာတွေထဲ ဆက်လက်တိမ်းရှောင်နေတယ်။ တချို့က မြို့တွေဘက် တိမ်းရှောင်ပြီး။ တချို့ပဲ မြို့ထဲ ပြန်လာနေတယ်လို့ ဆင်ဘိုဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲကြောင့် ဆင်ဘိုဒေသခံတွေဟာ လက်ရှိ အနီးနားမှာရှိတဲ့ တော၊တောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရေရှည်စစ်ရှောင်ရမယ်ဆိုပါက အစားသောက်ကူညီထောက်ပံ့မှုတွေလည်း လိုအပ်လာနိုင်တယ်လို့ ဆင်ဘိုဒေသခံတွေကပြောပါတယ်။

မြို့ထဲစိုးရိမ်ရတာကြောင့် အနီးအနားရွာတွေနဲ့ တောတွေထဲ တိမ်းရှောင်နေတာဖြစ်တယ်။ အခု အရေးပေါ် အစားအသောက်ကတော့ အနီးအနားရွာက မိတ်ဆွေတွေ ကူညီတယ်။ အခက်အခဲအများကြီးရှိတယ်။ အစားအသောက်လည်း လောလောဆယ် ကျနော်တို့ ယူလာတာလောက်ပဲ စားသောက်နေတယ် အချိန်ကြာလာရင်တော့ အစားအသောက်လည်း ခက်ခဲလာမှာဖြစ်တယ်လို့ ဆင်ဘိုဒေသခံကဆက်ပြောပါတယ်။

 ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သားထိခိုက်မှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိသလို တောထဲတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးထိမှန်တာကြောင့် အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ် ခမရ ၁၄၁ ဟာ နှစ် ၂၀ ခန့်ကြာပြီဖြစ်တဲ့ စစ်တပ်ရဲ့အခိုင်အမာစခန်းတစ်ခုဖြစ်သလို မြစ်ကြီးနားဗန်းမော် ဧရာ၀တီမြစ်ရေလမ်းကြောင်းအတွက် အရေးပါတဲ့တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 ဆင်ဘိုမြို့ဟာ မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button