ဖမ်းဆီးခံရမှုသတင်း

မိုးကောင်းနယ်ထဲမှာ ခရီးသည် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွား အမျိုးသား ၂၀ ယောက်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်မှာ ပင်းဘောအခြေစိုက် ခမရ ၅၂၁ တပ်က စစ်ကောင်စီ တပ်ဖွဲ့တွေဟာ စစ်ယူနီဖောင်းနဲ့ နန့်ခွင်ကျေးရွာအဝင် တံတားနားမှာ ခရီးသည်ယာဉ် တစ်စီးချင်းတစ်စီးကို စစ်ဆေးပြီး ကားပေါ်မှာ ပါလာတဲ့ အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နန့်ခွင်ဒေသခံအမျိုးသား တစ်ယောက်က KNG ကို ပြောပါတယ်။

အချိန်နဲ့ပြောရရင် မနက်ပိုင်း ၇ နာရီလောက်မှာဖြစ်သွားတာ။ ဒီမှာပြောနေကြတာက အောက်ပိုင်းဘက်က တက်လာတဲ့ ခရီးသည်ကားတွေဆီကနေ ဖမ်းသွားတာ ၂၀ လောက်ကျော်မယ်လို့ ပြောနေကြတာ။ ဖမ်းတာက စစ်သားတွေပဲ ဖမ်းသွားတာ။ အဲလိုဖြစ်သွားလို့ တစ်ရွာလုံးကကြောက်လို့ တိတ်ဆိတ်နေကြတယ်လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံလိုက်ရသူတွေဟာ ခရီးသည်တွေဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ ဖြစ်တာကို မသိရှိနိုင်သလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နေရာကိုလည်း မသိရဘူးလို့ ပြောပါတယ်။

နန့်ခွင်ကျေးရွာ အနီးတဝိုက်မှာ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ခုက သွားလာလှုပ်ရှားနေပြီး ၅ မိုင်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေထိုင်နေတာကြောင့် အဲဒီစစ်ကြောင်းက ဖမ်းဆီးသွားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

နန့်ခွင်ကျေးရွာမှာ ခရီးသည်တွေ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းတွေကြောင့် အနီးနားဒေသခံတွေဟာ လုပ်ခွင်တွေရပ်နားပြီး ထွက်ပြေးပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။

မော်ဟန်ဂိတ်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ယောက်က ၇ နာရီလောက်ကနေ ၉ နာရီအထိ တက်လာတဲ့သူတွေကော ဆင်းလာတဲ့သူတွေကော တားမြစ်ပြီးတော့ လူငယ်တွေကို အဓိကဆွဲခေါ်သွားတယ်လို့ ကြားတယ်။ ခရီးသည်တွေ အဲလိုဖမ်းခံရတော့ ကားပေါ်မှာ အော်တဲ့သူအော် ငိုတဲ့သူငို အဲလိုဖြစ်သွားလို့ ကားသမားကပြောလာတယ်။ သူတို့ရဲ့ လုပ်ပုံက ကားသမားတွေကိုလည်း လက်နက်တွေနဲ့ထောက်ထားတော့ စကားတစ်ခွန်းတောင် ဝင်ပြောခွင့်မရှိဘူးတဲ့ သူတို့ဆွဲခေါ်ချင်တဲ့ သူတွေကို ဆွဲခေါ်သွားတာဖြစ်တယ်လို့ ပြောပြလာတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဖမ်းဆီးသွားတဲ့သူတွေကို ပင်းဘောအခြေစိုက် ခမရ ၅၂၁ တပ်မှာထိန်းသိမ်းထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုလို စစ်ကောင်စီတပ်က ခရီးသွားပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးလာတဲ့လုပ်ရပ်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေထုတ်ပြန်ထားအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လာတာဖြစ်နိုင်တယ်လို့ သူက ဆက်လက်သုံးသပ်ပြောဆို ထားပါတယ်။

ခါတိုင်းဆိုရင် သတ်မှတ်ထားတဲ့ ဂိတ်နေရာတွေမှာ မှတ်ပုံတင်စစ်ဆေးတာတို့၊ ထောက်ခံစာစစ်တာတို့ လုပ်သေးတယ်။ အခုဆိုရင် အဲ့လိုလည်း မလုပ်တော့ဘူး။ သူတို့ ဝင်ဖမ်းချင်တဲ့ နေရာမှာ ဖမ်းတဲ့သဘောမှာ ရှိတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် လုံးဝလုံခြုံရေးမရှိတော့ဘူးဆိုတာ မြင်တွေ့ရတယ်။ ပြီးရင် တစ်ဖက်မှာ စစ်မှုထမ်းရမယ်လို့ ကြေညာထားပြီးဖြစ်တဲ့အတွက် အကောင်အထည်ဖော်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ဆက်ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ခရီးသွားပြည်သူတွေအနေနဲ့ နိုင်ငံသားမှတ်ပုံတင်နဲ့ ထောက်ခံစာ ပါရှိရင်တောင် အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း မြစ်ကြီးနားဖားကန့်သွားလမ်း လီဒိုသွားလမ်းမပေါ် မရန်ကထောင် စစ်တပ်ဂိတ်မှာ ဖားကန့်ဘက်ကို တက်လာတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ယောက်၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ယောက် ၊ ခရီးသည် ၃ ယောက်ကို ကားပေါ်ကနေ အတင်းအဓမ္မဆွဲချပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလည်းရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီဘက်ကနေ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button