သတင်း

စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ‌၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို

မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ခရီးသွားပြည်သူတွေကို တားမြစ်စစ်ဆေးချိန်မှာ စစ်ကောင်စီတပ်တွေက ခရီးသည်တစ်ယောက်ရဲ့  ငွေကျပ် ၁၈ သိန်းကို နိုက်ယူသွားတယ်လို့ သိရပါတယ်။

ငွေနိုက်ယူခံလိုက်ရတဲ့ ခရီးသည်ဟာ မြစ်ကြီးနားမြို့ကနေ ဟိုပင်ဘက်ကို အသင်းတော်လုပ်ငန်းနဲ့ အသွားမှာ နန့်ခွင့်တံတားမှာ စစ်ဆေးခံလိုက်ရတာဖြစ်ပြီး ကျောပိုးအိတ်မှာပါလာတဲ့ ငွေသား ၁၈ သိန်း နိုက်ယူခံလိုက်ရတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကိုယ်တိုင်က KNG ကိုပြောဆိုလာပါတယ်။

ကျနော်က ဟိုပင်ဘက်က အပြန်ဟုတ်တယ်။ ကျနော်နဲ့ ဆရာမတစ်ယောက်ပါလာတယ် ထွက်လာတာက ၇ နာရီလောက်မှာဖြစ်ပြီးတော့ နန့်ခွင်မှာက ၇ နာရီ ၄၀ လောက်မှာရောက်သွားတယ်။ စစ်သားတွေက လမ်းမှာပေါ်တင်လည်းမရှိဘူး။ လမ်းဘေးမှာရှိတဲ့ သစ်ပင်တွေမှာပုန်းနေကြတယ်။ ကားကို ရအောင်တားပြီး အကုန်စစ်ဆေးတယ်။ ဖြစ်ချင်တော့ အိတ်ထဲမှာက တပ်ပလက်နဲ့ လက်တောပ့် ပါလာတယ်။ အဲဒါကို သူတို့က မဖွင့်တတ်ဘူးဆိုပြီး ဖွင့်ခိုင်းတယ်။ အဲဒီဖွင့်ပေးနေတဲ့ အချိန်မှာပဲ သူတို့က ကျောပိုးအိတ်ထဲက ငွေ ၁၈ သိန်းနိုက်ယူပေးလိုက်တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ နိုက်ယူလိုက်တဲ့ ငွေ ၁၈ သိန်းဟာ အသင်းတော်လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းမှာ အသုံးပြုဖို့ ငွေတွေဖြစ်ပြီး ပြန်ပေးဖို့တောင်းတဲ့အခါမှာကျနော်တို့က မယူဘူးနော်လို့ငြင်းဆိုခံလိုက်ရတယ်လို့ သူကဆက်ဆိုပါတယ်။

ကျနော့်ကို လက်တော့ပ်ဖွင့်ခိုင်းတော့ ဘာမှမရှိတာရယ် အသင်းတော်က ထောက်ခံစာပြတော့ ပြန်သွားခိုင်းလိုက်တာ သွားတာ ၁ မိနစ်လောက်ပဲရှိအုံးမယ်ထင်တယ်။ စိတ်ထဲမှာ မသင်္ကာဖြစ်လို့ ကားရပ်ပြီး ပြန်ကြည့်တဲ့အခါမှာ ငွေက မရှိတော့ဘူး။ အဲဒါနဲ့ တစ်ခါထဲ ပြန်သွားပြီး သူခိုးညိုးတာမထင်ရအောင်ဆိုပြီး အလှူငွေကျန်ခဲ့တယ်လို့ ပြောတဲ့အခါမှာ မကျန်ခဲ့ဘူးတဲ့ ပြီးရင် သူတို့က မယူဘူးလို့ပဲငြင်းနေတာ။ ကျနော်က အရမ်းကြီးလည်း မပြောရဲဘူး တစ်ခုခုလုပ်မှာစိုးလို့ အဲကြောင့် ပြန်သွားလိုက်တာလို့ ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲဒီတစ်ရက်ထဲမှာပဲ နန့်ခွင်တံတာအနီးတဝိုက်ပုန်းခိုပြီး အတက်အဆင်းလာတဲ့ ခရီးသည်တွေကို မနက်ပိုင်း ၇ နာရီလောက်ကနေ ၁၀ နာရီဝန်းကျင်အထိ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ခရီးသွားပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ လူငယ်အမျိုးသားတွေသာ ဖြစ်ပြီးတော့ ပင်းဘောအခြေစိုက် ခမရ ၅ ၂၁ တပ်ရင်းနေရာကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

နန့်ခွင်တံတား ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေထဲမှာ နန့်ခွင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကြာကြီးကွင်းရွာက လူငယ် ၁၁ ယောက်၊ ခရီးသွားပြည်သူတွေထဲက လူငယ် ၁၄ ယောက် နဲ့ နန့်ခွင်ဒေသခံ ၂ ယောက်ပါဝင်တယ်လို့ နန့်ခွင်ဒေသခံတွေကနေ သိရပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ လူငယ် ၂၇ ယောက်ထဲကနေ ကြားကြီးကွင်းက လူငယ် ၁၁ ယောက်နဲ့ နန့်ခွင်ဒေသခံ ၂ ယောက်ကိုတော့ မိဘတွေ သွားရောက်ညှိနှိုင်းမှုတွေကြောင့် မနေ့ကပဲ ပြန်လည်လွှတ်မြောက်လာတယ်လို့သိရပါတယ်။

လက်ရှိမှာ ကျန်တဲ့ ၁၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပင်းဘောအခြေစိုက် ခမရ ၅ ၂၁ တပ်ရင်းမှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွှတ်မြောက်လာခြင်းရှိမရှိ အသေးစိတ်မသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ SAN ပူးပေါင်းတပ်တွေဟာ အခုရက်ပိုင်းအတွင်း ဟိုပင်၊ ပင်းဘော၊ မင်းကုန်း၊ နန်းမား၊ တောင်နီ စတဲ့ ကျေးရွာတစ်လျှောက် ပြည်ထောင်စု လမ်းမပေါ်မှာ သွားတဲ့ ခရီးသွားပြည်သူတွေ ဖမ်းဆီးစစ်ဆေးတာတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button