တိုက်ပွဲသတင်း

တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်

စစ်တပ်ကုန်းကို ဆက်တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း) မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို မနေ့က ဖေဖော်ဝါရီ ၂၆ရက်နေ့ ည ၄ နာရီကတည်းက KIAKPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရဲစခန်းသိမ်းပိုက်ထားပြီးလက်ရှိစခန်းသိမ်းဖို့အတွက် ဆက်လက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဖားကန့် KPDF တာဝန်ရှိသူ တစ်ဦးက KNGကို အတည်ပြုပြောကြားခဲ့ပါတယ်။

ရဲစခန်းကတော့ မနေ့က  ၅ နာရီမှာသိမ်းလိုက်ပြီ အခု ကျန်နေတဲ့စစ်တပ်ကုန်းကိိုသိမ်းဖို့အတွက်ဆက်ပြီးတိုက်နေတယ်။  ဖားကန့်ကနေတော့လက်နက်ကြီးတွေ ခုမနက်ထိကိုပစ်ကူနေတုန်း ရဲစခန်းနဲ့စစ်တပ်ကုန်းက မနီးမဝေးမှာပဲရှိနေတာလို့သူကပြောပါတယ်။

ရဲစခန်းကိုမနေ့က သိမ်းလိုက်ပေမယ့် တပ်စခန်းကုန်းကိုတဆက်တည်းသိမ်းနေတာကြောင့် ရဲစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲသေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိထားမှုအခြေအနေတွေကို အသေးစိတ်သိရှိဖို့ခက်ခဲနေဆဲလို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က ရဲစခန်းသိမ်းခံလိုက်ရတာကြောင့် တာမခံရွာထဲကိုလက်နက်ကြီးတွေနေရာစုံကနေပစ်ကူသလို ဂျက်ဖိုက်တာတစ်စီးနဲ့လည်းလာရောက်ဗုံးကျဲခဲ့တာကြောင့်နေအိမ်တွေပျက်စီးပြီး ဒီကနေ့မနက်ထိလေယာဥ်တွေပျံဝဲနေတယ်လို့ တာမခံကျေးရွာ နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖုန်းတောင်ကောင်းကောင်းပြောလို့မရဘူး လေယာဥ်တွေလာဝဲနေတယ်အခုလည်း မနေ့ကတော့ နေအိမ်တွေလည်းမီးလောင်သွားတာ ရှိတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးကျဲမှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင် ပျက်စီးသွားတဲ့အရေအတွက်ကို စုံစမ်းပြုနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တာမခန်၊ ဟောင်ပါး၊နန့်ရေတောင် နဲ့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ မနေ့ညကတည်းက တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ဒီမနက်ထိလည်းအသံတွေကြားနေရတုန်းပဲ ကျွန်မတို့ကအခုတောထဲမှာ ဟောင်ပါးကတော့ဘာမှတော့မဖြစ်ပါဘူးတာပေမယ့် လေယာဥ်ကြောက်လို့လေးမနေ့ကလည်းတာမခန်ကိုကျဲသွားတယ် အဲ့ကြောင့်ပြေးနေရလို့ သူကပြောပါတယ်။

တာမခံ၊ဆယ်ဇင်းကျေးရွာအနီးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စခန်း၊ရဲစခန်းတွေကို KIAKPDF ကတိုက်ခိုက်သိမ်းပိုက်လာမယ်ဆိုတဲ့သတင်းတွေ ပြည်သူ တွေကြားမှာ လွန်ခဲ့တဲ့ အပတ်ကတည်းကသတင်းပျံ့နေတာကြောင့်တာမခန်ပြည်သူအချို့ဟာ ကြိုတင်တိမ်းရှောင်သွားကြတာမျိုးတွေရှိတယ်လို့သိရပါတယ်။

KIA KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်ကုန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နန့်တိန်းစစ်တပ်ကုန်းကိုလည်း ဖေဖော်ဝါရီလ ၂ရက်နေ့မှာထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button